U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Saturday, November 23, 2013

U Nu & David Ben Gurion

U Nu & David Ben Gurion ဗီဒီယိုကလစ် တင်လို့ အဆင်မပြေတာကြောင် “ဒီ“ လင့်အပေါ်ကလစ်ပီး“ကြည့်ပါရန်
Prime Ministers David Ben-Gurion and U Nu developed a close personal friendship. U Nu purportedly taught Ben-Gurion to stand on his head; in 1961, the 75-year-old Ben-Gurion, who had once ridiculed U Nu—“the man knows nothing about Buddhism”—spent several days meditating and studying the religion with U Nu, then a devout Buddhist monk. Time reported that the Israeli legend “wowed his hosts by showing up attired like a potbellied pixy in Burma’s traditional gaungbaung headgear and silk sarong.” Other Israeli politicians, too, befriended their Burmese counterparts. In Shimon Peres’ 1995 book, Battling for Peace: A Memoir, he recalls being rowed around Mandalay in a small boat with then IDF chief of staff Moshe Dayan and their host, soon-to-be Burmese dictator General Ne Win. “He said the only country he believed in was Israel,” wrote Peres.


  Jeremy Gillick- Letter from Myanmar


Thursday, November 21, 2013

ယနေ့မြန်မာ့နိုင်ငံရေး သို့မဟုတ် “အပစ်ရပ်ရေး ငြိမ်းချမ်းရေး ပြည်ထောင်စုရေး“

ထူးခြား သည့် နိုင်ငံရေး အပြောင်းအလဲဟု ဆိုနိုင်သည့် ထင်ရှားသော အချက်တချက်အဖြစ် အနှစ်(၅၀) တွင် ပဌမဆုံး အကြိမ် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား၊ နိုင်ငံရေး ပါတီများနှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကြီး တရပ်ကို ပြုလုပ်ရန်  ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် အားထုတ် ကျိုးပမ်း နေကြခြင်းဖြစ်သည်။ ဆိုဖွယ်ရှိသည်မှာ အစိုးရက အစိုးရအလျောက် နိုင်ငံရေး ပါတီများအစုအစုက သူ့မူ ကိုယ့်မူအရ တိုင်းရင်းသားနှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်း အသီး အသီးက တစုတစည်းတည်းမဖြစ် ခေတ်အဆင့် အဆက် ပျက်ခဲ့တဲ့ ယုံကြည်မှု ကိုတည်ဆောက်နေကြပေမဲ့
ကောက်သင်းကောက် နေရဆဲအဆင့်။
ဘယ်လိုဘဲဖြစ်ဖြစ် မညီမညာတွေဖြစ်နေတာကိုက မညီညာခွင့် ရလာလို့ ဆိုတာ သိဖို့လိုမယ်။ ရှိသမျှ အတိအကျ သမိုင်း -ခပ်ရိုင်းရိုင်း အဖျက်ခံခဲ့ဘူးတာ အမှတ်သညာထားပီး မိသားစုစိတ်များနဲ့ ပြည်ထောင်စုတည်တံ့ခိုင်မြဲဖို့ လွတ်လပ်ရေးတည်တံ့ခိုင်မြဲဖို့ ဒီမိုကရေစီတည်တံ့ခိုင်မြဲဖို့ အမှန်တကယ် ယုံကြည်မှု သဘောထားကြီးမှု စာနာမှုအပြည့် ထားကြပါမှ တကယ့်ဆွေးနွေးပွဲကြီးတရပ် ဖြစ်လာမှာပါ။
 
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရထံမှ တော်လှန်ရေးကောင်စီက အာဏာသိမ်း ရာတွင်  “ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစေသောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း…….“ ထုတ်ပြန်ကြေညာ ချက်နှင့် အတူ ပင်လုံညီလာခံ သဘောတူညီမှုအရ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေလာ လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင်စုက ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း ဆိုသည့် အချက်ကို ကိုင်ပီး ပြည်နယ်များက ခွဲထွက်ရန် စိုင်းပြင်းနေကြ သောကြောင့် ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ်မှ ကာကွယ်လိုက်ရကြောင်း ၀ါဒဖြန့်ခဲ့သည်။
ထိုကာလမှသည် ရာစုနှစ်တ၀က်ကျော်တိုင်အောင်  သမိုင်းမှန်ကို ထိန်ချန်ဖျောက်ဖျက်ခဲ့ သည့်အတွက် “ယနေ့ကာလသား အပေါင်းတို့သည်“ ၄၇ ဖွဲ့စည်းပုံဆိုလျှင် မကောင်း ဘယ်နေရာမကောင်ဘူးလဲ မေးရင်
 မြင်တောင် မမြင်ဘူးသူက အများစု။  ဖက်ဒရယ်ဆိုလျှင် ပြည်ထောင်စုပြိုကွဲမည်။ ဖက်ဒရယ်ဆိုသည် (အချုပ်အခြာ အာဏာပိုင်သော သီးခြားပြည်နယ်များ ပေါင်းစည်းထားသည့်) ပြည်ထောင်စုမူကို ဆိုလိုခြင်း ဖြစ်ကြောင်း ဖက်ဒရယ်မူတွင် မိမိတို့နှင့် အံဝင်ခွင်ကျသော ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး ကို ဘောင်ခတ် အကန့်အသတ် ရှိပီးကြောင်း မသိကြတော့။
ယနေ့ နိုင်ငံတော်ကို အုပ်ချုပ်နေသော တာဝန်ရှိသူများ ကိုယ်တိုင်ပင်လျှင် သမိုင်းဗဟုသုတ လွဲမှားချို့တဲ့စွာ လေ့လာ ခဲ့ရသူများ ဖြစ်နေကြပါသည်။
မည်သို့ပင်ဖြစ်စေ သမိုင်းဘီးသည် လည်ပါတ်နေသည်သာဖြစ်သည်။ သမိုင်း၏ ဖြစ်ပွါး ပြောင်းလဲနေခြင်းနှင့် အဆင့် ဆင့်  လိုအပ်ချက်များ သည် လူ၏အမှား မူ၏အမှား အဓမ္မမှုများကြောင့် တံ့သွားကောင်းတံ့သွားမည် ဖြစ်သော်လည်း တချိန်တွင် ရောက်လာရမည်သာဖြစ်သည်။
လွတ်လပ်ရေးရလျှင်
 ၁။ အချုပ်အချာအာဏာပိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိရမည်၊
၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းစေရမည်၊
၃။ အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမည်၊
၎။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အယုတ်-အလတ်-အမြတ်မရွေး တန်းတူညီမျှမှုရှိစေရမည်၊
၅။ လူနည်းစုကို အကာအကွယ်ပြုစေရမည်၊
၆။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ စိုးမိုးရေးဆိုတာကို ဥပဒေအရ ထိန်းသိမ်း စောင့်ရှောက်မှု ရှိစေရမည်။
၇။ ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ပေါင်တန်း လိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမည်ဆိုတဲ့ အဓိကအခြေခံ(၇)ချက်နဲ့ တိုင်းပြည်ထူထောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ တညီတညွတ် ချမှတ်ဆောင်ရွက်ခဲ့ကြသည်။
လွတ်လပ်ရေးရပီး ၁၄နှစ်အကြာမှာ အချင်းချင်း မကျေနပ်မှု၊ မည်ုံကြည်မှုအခြေခံများနဲ့ လူမျိုးစုံ သွေးစည်းညီညွတ်ရေး ဟာ ပြိုကွဲသည်ထက် ပြိုကွဲလာတဲ့အခြေအနေကို ထိမ်းသိမ်းဖို့ ကြံစည်ခဲ့ကြပါတယ်။ ‘ဒီမိုကရေစီအစိုးရတိုင်း တိုင်းပြည်ကို တာဝန်ခံရမည်’ ဆိုတဲ့ကျင့်ထုံးအတိုင်း အစိုးရက တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုမူနှင့် ပတ်သက်သည့် နှီးနှောဖလှယ်ပွဲကြီးကို အထင်အရှား မြင်ခဲ့ ရသည်။
၁၉၆၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၅၀ ရှိသည့်အနက် ၂၀၃ မဲဖြင့် သန့်ရှင်း ဖဆပလက အနိုင်ရရှိခဲ့ပြီး  “မိမိသာ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကို အနိုင်ရခဲ့လျှင် ပြည်ထောင်စု 
တည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင် ပေးမည်” ဟူ၍ ကတိပြုသည့်အတိုင်း ၀န်ကြီးချုပ်ဦးနုက ၀န်ကြီးအစည်းအဝေး တစ်ခု၌ အောက်ပါအတိုင်း ပြောကြား ခဲ့သည်-
(၁) ယခုအခါမှာဆိုလျှင် လွှတ်တော်တစ်ခုလုံး၏ အမတ်ဦးရေ သုံးပုံနှစ်ပုံကျော်သည် အစိုးရ၏ လက်ထဲတွင် ရှိနေကြောင်း၊ ထိုကဲ့သို့ ရှိနေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ယခုအချိန်သည် အကောင်းဆုံး အချိန်ပင် ဖြစ်ကြောင်း၊
(၂) ဤကဲ့သို့ အကောင်းဆုံးအချိန်ဖြစ်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ချင်ပါသလဲဟု ပြည်နယ်အစိုးရအဖွဲ့များကို မေးချင်ကြောင်း၊
(၃) ပြည်နယ်အစိုးရအဖွဲ့များက တင်ပြသောအဆိုပြုလွှာများကို ရှေ့ဦးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် နှီးနှောဖလှယ်ပွဲ (Seminar) ခေါ်ယူ၍ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များ၊ ပြည်ထောင်စု နှင့် ပြည်နယ်အစိုးရကိုယ်စားလှယ်များ၊ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်များကိုပါ ဖိတ်ကြားမည်ဖြစ်ကြောင်း။
(၄) ယင်းနှီးနှောဖလှယ်ပွဲတွင် မိသားစုများ ဆွေးနွေးတင်ပြသည့်အတိုင်း ဆွေးနွေး၍ အများသဘောတူ လက်ခံနိုင်မည့် အဆိုများကို ရွေးချယ်ကာ အကောင်အထည်ဖော်ပေးမည်။ အဖြေရှာ၍ မရသေးသည့် အဆိုများကို ဆက်လက် ဆွေးနွေး ညှိနှိုင်းမည်ဖြစ်ကြောင်း။ ဤအတိုင်း လုပ်ပေးလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ယခုထက်ပို၍ စည်းလုံး ညီညွတ်လာမည်ဟု မိမိယုံကြည်ကြောင်း၊ မိမိနိုင်ငံရေးလောကက မထွက်သွားခင် အမျိုးသားညီညွတ်ရေး လုပ်ငန်းကို အစွမ်းကုန်ဆောင်ရွက်သွားချင်သည် ဟူ၍ ၀န်ကြီးချုပ်ဦးနုက တင်ပြရာ ၀န်ကြီးများအားလုံးက သဘောတူ ခဲ့သောကြောင့် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲအတွက် လိုအပ်သည့် အစီအစဉ်များပြုလုပ်ရန် တရားရေးဌာန ၀န်ကြီးဒေါက်တာဧမောင်ကို တာဝန်လွှဲအပ်ခဲ့သည်။
စက်တင်ဘာလ ၂၂ ရက်နေ့  ၁၉၆၀ တွင်  တရားရေးဌာန ဝန်ကြီး ဒေါက်တာအေးမောင်က အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့သည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင်(၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များ၊                   (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များအပေါ် အခြေခံစဉ်းစားပြီး ပြင်ဆင်ကြရန် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရကို လိုအပ်သလို အကြံပေးနိုင်ရန် ‘အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ’ ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့သည်။
ရှမ်းပြည်နယ်ဥက္ကဋ္ဌ စပ်ခွန်ချို ဦးဆောင်ပြီး ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရှမ်းခေါင်းဆောင်များ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို စတင်ဆွေးနွေးခဲ့သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ နောင် ရှမ်းမူအဖြစ် ကျော်ကြား လာမည့် ‘ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ပြင်ဆင်ရေးစာတမ်း’ ကို အတည်ပြု ခဲ့သည်။
၁၉၆၁ ခုနှစ် ဇွန်လတွင် ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် (၂၀၀) ကျော်ဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တွေ့ဆုံပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ညီလာခံတရပ် ကျင်းပခဲ့ကြသည်။
ထိုညီလာခံမှ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ပြည်ထောင်စု စစ်စစ်မူကို တင်ပြသည်။
(၁၉၆၂)ခု ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်၌ ပြည်ထောင်စုမူနှင့် ပတ်သက်သည့်ဆွေးနွေးပွဲပြုလုပ်ရန် နှီးနှောဖလှယ်ပွဲကြီးကို ပြုလုပ်ခဲ့သည်။
ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့တွင်နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေးဖွင့် မိန့်ခွန်းပြောကြားပီး ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး စောခွန်ချို က ဖယ်ဒရယ်မူကို တင်သွင်းကာ - ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း-ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် ကပ္ပတိန်မန်းတုံနုံး- ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)- ကယားပြည်နယ် ကိုယ်စားလှယ် ဦးစိန်- တို့က ထောက်ခံဆွေးနွေးသည်။
ထိုနောက် ပြည်နယ် ဥက္ကဋ္ဌကြီး စောခွန်ချိုနဲ့ ဒူးဝါးဇော်လွန်း၊ ကပ္ပတိန်မန်းတုံနုန်း၊ ဦးထွန်းမြင့်၊ ဦးစိန်တို့ တင်ပြပြောကြားသွားတဲ့ အချက်တွေကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ခေါင်းဆောင်များနဲ့ နိုင်ငံတော်အစိုးရ အတိုင်ပင်ခံအဖွဲ့ဝင်များက သေသေချာချာ လေ့လာနိုင်ဖို့အတွက် အချိန်ပေးကာ မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ(၆)နာရီအထိ ရွှေ့ဆိုင်းထားခဲ့သည်။

(တဦးခြင်းပြောခဲ့သော မိန့်ခွန်း အားလုံး ဒီမှာ ကလစ်ပီး ပီဒီအက်ဖ် ဖိုင်ဖြင့် ကြည့်နိုင် ယူနိုင်ပါကြောင်း။)
 
 
မတ်လ(၁)ရက်၊ ကြာသပတေးနေ့ ညနေ(၆)နာရီ အစည်းအဝေးပြန်စသောအခါ (၁)ပမညတ၊ (၂)ဖဆပလ၊ (၃)ရပလဖ၊ (၄)ပထစ အဖွဲ့တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တဦးစီက ဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ဖေဖော်ဝါရီလ(၂၄) ရက်နေ့ နှီးနှောဖလှယ်ပွဲကြီး အဖွင့်နေ့မှ ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီး ၀န်ကြီးစ၀်ခွန်ချိုတင်ပြခဲ့သည့်
(၁) ပြည်မကို ပြည်နယ်တစ်နယ် ဖွဲ့စည်းရေး၊
(၂) လွှတ်တော်နှစ်ရပ် အာဏာအတူပေးရေး၊
(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းပြည်နယ်တိုင်း တူညီသော ကိုယ်စားလှယ်ပေးရေး
(၄) ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးများတွင်-
ဝန်ကြီး စ၀်ခွန်ချို  နဲ့တကွ ပြည်နယ် ခေါင်းဆောင်ကြီးများရဲ့ ပြောဆိုတင်ပြချက်တွေကို ပြည့်ပြည့်စုံစုံ ကြားနာခဲ့ရပီး သေသေချာချာ လေ့လာကာ ပွင့်လင်းတဲ့ အသဲနှလုံးနှင့်ယုံယုံကြည်ကြည် ပြန်လည်သုံးသပ်ကြရာတွင်
အခြေခံဥပဒေရှုမြင်ပုံအရ  ပြည်နယ်ခေါင်းဆောင်ကြီးများဟာ ‘ဖယ်ဒရယ်စစ်စစ်မူနဲ့ ပတ်သက်လို့ သဘော ကွဲလွဲချက်ဟာ  နေရာ(၃)နေရာရှိနေကြောင်း
- ပထမနေရာက  ပြည်ထောင်စုဟာ ပြည်မကို အခြေခံပြီး ပြည်နယ်များကို စုပေါင်းဖွဲ့စည်းထားတဲ့ ဖယ်ဒရယ်မူ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းခဲ့ခြင်းဟာ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ တိုးတက်ဖြစ်ပေါ်မှုရာဇဝင် ဖြစ်စဉ်များအတွင်းမှာ ဘဝနဲ့ဟပ်ပြီးတော့ သဘာဝကျကျထူထောင်ခဲ့ခြင်းဖြစ်တယ်လို့ ကျနော်တို့က လေးနက်စွာ ယုံကြည် ကြပါတယ်။
ပြည်နယ်ညီအကိုခေါင်းဆောင်ကြီးများကတော့ ပြည်မဟာ ပြည်ထောင်စုအာဏာကို လက်ဝါးကြီးအုပ်ပြီး ပြည်နယ်များ၊ လူမျိုးစုများကို လွှမ်းမိုးချယ်လှယ်တယ်၊ ပဏ္ဏာဆက်နယ်တွေအဖြစ်နဲ့ အနိုင်ကျင့်တယ်လို့ယူဆတယ်။ ဒါကြောင့် ပြည်နယ်/ ပြည်မတွေအားလုံးအသီးသီး ကိုယ့်အချုပ်အချာအာဏာနဲ့ကိုယ် တန်းတူရည်တူရှိကြပြီး ဗဟိုပြည်ထောင်စု ကို စုပေါင်းဖွဲ့စည်းရမည်။ သဘောဆန္ဒအရသာ အာဏာများ ခွဲဝေပေးရမည်။ အဲဒီလို ပြည်ထောင်စု စစ်စစ်မူမျိုးကိုသာ အလိုရှိတယ်။ အမေရိကန်၊ ဆွီဇာလန်၊ ဆိုဗီ ယက်ယူနီယံစတဲ့ အခြေခံသဘောမျိုးဖြစ်စေရမည်လို့ ရှင်းလင်း ပြောကြားသွားကြပါတယ်။
တနည်းအားဖြင့် Confederation ဆန်ဆန် ဖွဲ့စည်းရမည်လို့ဆိုကြောင်း မြန်မာလိုပြန်တော့ အချုပ်အခြာအာဏာအရ ပြည်နယ်ပေါင်းချုပ် ဖွဲ့ရမည်လို့ဆိုကြောင်း အဲဒီလိုကွဲလွဲနေခြင်းဟာ ပထမနေရာဖြစ်ကြောင်းဆွေနွေးကြပါတယ်။
ဒုတိယကွဲလွဲချက်က Stand Point ရပ်တည်မှုခြားနားနေချက်ဖြစ်ကြောင်း။ ဆိုလိုရင်းကတော့ ကျနော်တို့က ပြည်ထောင်စုတွင်း လူမျိုးစုရေးရာနဲ့ပတ်သက်လို့ ဒီကနေ့လက်ငင်းပြဿနာ Order of the Day ဟာ ပြည်မကို ပြည်နယ်ဖွဲ့ရန်မဟုတ်သေး၊ ပြည်နယ်ရထိုက်သောလူမျိုးစုများ ပြည်နယ်ရရေးနဲ့ ပြည်နယ်ရရှိသည့်လူမျိုးစုများ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးမြှင့်တင်မှုဘဲလို့ ကျနော်တို့ယူဆပါတယ်။ ပြည်နယ်ခေါင်းဆောင်များကတော့ မိမိတို့ဘဝရပ်တည်မှုမှာ အခြေမခံဘဲ အားလုံးသောပြဿနာတွေဟာ ပြည်မကို ပြည်နယ်တခုလုပ်လိုက်ရင် ကိစ္စအားလုံး အေးကုန်မည်လို့ ယူဆကြတယ်။ အဲဒီလို Stand Point ကျနော်တို့နဲ့ ခြားနားနေကြောင်း ဆွေးနွေးကြပါတယ်။
တတိယကွဲလွဲချက်ကတော့ ပြဿနာချဉ်းကပ်ပုံချင်း ခြားနားချက် Approach ဘဲဖြစ်ပါတယ်။ ကျနော်တို့က လူမျိုးစု ပြဿနာများနဲ့တကွ ပြည်ထောင်စုတခုလုံး သောင်မတင်ရေမကျနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးမှစပြီးတော့ အကြပ်အတည်းဆိုက်နေရတာတွေဟာ နယ်ချဲ့ပယောဂနဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေကို မရှင်းမလင်းနိုင်သမျှ ဆက်လက် ခံစားနေရဦးမည်လို့ ကျနော်တို့က အလေးအနက်ယုံကြည်တယ်။ ဒါကြောင့် ဒီပြဿနာတွေ ဖြေရှင်းရေးဟာ လက်ငင်း ပထမ၊ ပြဿနာအဝဝ ငြိမ်းချမ်းညီညွတ်စွာဖြေရှင်းရေးဟာ ဒုတိယလို့ ကျနော်တို့က ဒီလိုဘဲချဉ်းကပ်ပါတယ်။ ကျနော်တို့ ပြည်နယ် နောင်တော်ရဲဘော်ကြီးများကတော့ ပြည်ထောင်စုစစ်စစ်မူအရ ကိုယ့်ခြံကိုယ်ခတ်ကြရေးသည် ပထမ၊ ပြဿနာအဝဝ နောက်ကျမှ တန်းတူညီမျှဖြေရှင်းရေးသည် ဒုတိယလို့ ယူဆကြပါတယ်။ အဲဒီလို ပြဿနာ ချဉ်းကပ်ပုံမှာလည်း ကျနော်တို့နဲ့ ဝမ်းနည်းစွာ ခြားနားနေကြောင်း ဆွေနွေးကြပါတယ်။
အဲဒီလို (၃)နေရာမှာ ခြားနားကွဲလွဲချက်များကို ကျနော်တို့နဲ့ ပြည်နယ် ခေါင်းဆောင်များဟာ အပြန်အလှန် တဦးနဲ့တဦး ညီ ရင်းအကို မိသားစုစိတ်ဓါတ်နဲ့ ဆန္ဒတူသဘောပေါက်ကြစေရန် ကူညီ ကြိုးစားကြမည်ဖြစ်ပါတယ်။
ကျနော်တို့ကိုလည်း ကူညီကြိုးပမ်းပါလို့ မေတ္တာရပ်ခံခဲ့ပါတယ်။
အကယ်၍ ဗမာပြည်မကိုသာ ပြည်နယ်ပေးမိရင် ပြည်ထောင်စု အခြေအနေဟာ တမျိုးတဖုံပြောင်း လဲသွားစရာ ရှိကြောင်း ဗမာပြည်မကလည်း “ငါဟာ ပြည်နယ်တခုဘဲ”ဆိုပြီးတော့ အခြား ပြည်နယ်တွေရဲ့ထူထောင်ရေးကို တာဝန်ယူချင်မှ ယူပါလိမ့်မည်။ “ဗမာပြည်နယ်မှ ဗမာပြည်နယ်”ဆိုတဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓါတ်တွေပေါ်လာပြီး ရှိရှိသမျှ မိမိအင်အားကို အခြားပြည် နယ်တွေအတွက် ဝေမျှမသုံးဘဲ ဗမာပြည်နယ်တခုထဲမှာသာ အလုံးစုံဖိသုံးချင် သုံးလာပါလိမ့်မည်။ ပြည်ထောင်စုဗမာနိုင်ငံတော်ဗဟိုအစိုးရကိုပေးထားတဲ့အာဏာတွေဟာ အခုလိုရှိချင်မှ လည်း ရှိပါလိမ့်မည်။ အခြားပြည်နယ်တွေက တောင်းလာသလို ဗမာပြည်နယ်ကလည်း အာဏာတွေကို တောင်းလာ ပါလိမ့်မည်။ လက်ရှိအခြေခံဥပဒေရဲ့ တတိယ ဇယားမှာပါတဲ့ ပြည်ထောင်စုနဲ့ပြည်နယ်ကို ခွဲခြားပေးထားတဲ့ ဥပဒေ ပြုစာရင်း တွေဟာလည်း ခုအတိုင်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ အဲဒီလိုသာဖြစ်သွားရင် ပြည်ထောင်စုဗမာနိုင်ငံရဲ့ ဗဟိုအစိုးရဟာ အလွန် အင်အားချိနဲ့တဲ့ ရုပ်ပြဟန်ပြအစိုးရသာ ဖြစ်သွားပါလိမ့်မည်။ ဗမာပြည်နယ်သာ သူ့သဘာဝ ဝတ္ထုပစ္စည်း၊ သူ့အခွန်အကောက်တွေနဲ့သူ၊ သူ့ထူထောင်ရေးအတွက်သူ လှိုင်လှိုင်ကြီး သုံးစွဲ နိုင်ပြီးတော့ တခြားဒေသတွေမှာတော့ အင်္ဂလိပ်ခေတ်တုန်းကလို နစ်နာနေမှာ စိုးရိမ်ရပါ တယ်။ ပြည်ထောင်စုကြီးဟာလည်း ကြာရင် ဝါးအစည်းပြေသလို ပြိုကွဲယိုင်လဲသွားမှာလည်း စိုးရိမ်မိပါတယ်။ အဲဒါကြောင့် ဗမာပြည်မကို ပြည်နယ်ဖွဲ့စည်းခွင့် မပေးခဲ့တာဟာ အလွန်မှန်ကန်တယ်၊ သဘာဝကျတယ်လို့ ယူဆကြောင်း တင်ပြခဲ့ကြသည်။ ”လက်တွေ့ရုပ်ဘဝသဘောတွေကို ဘေးချိတ်ပြီး အတင်းဘဲ တန်းတူညီမျှပြည်နယ်တွေအဖြစ်နဲ့ အားလုံး ခြံခတ်ကြစေပြီး ပြည်ထောင်စုစစ်စစ် ဆိုသည်ကို ဖွဲ့စည်းကြစေရမည်ဆိုရင် ‘ညီညွတ်လို၍ ပေါင်းရန်’ မဟုတ်ဘဲ ‘ပြိုကွဲလို၍သာ ပေါင်းရန်’ ဖြစ်ပါလိမ့်မည်။ တန်းတူညီမျှမဖြစ်သေးတဲ့ ရုပ်ဘဝအခြေခံပေါ်မှာ ပို၍သာ ကွဲပြားခြားနားစေတဲ့ နည်းနဲ့ ကျဉ်းမြောင်းစွာ ပေါင်းစည်းခြင်းသာ ဖြစ်ပါလိမ့်မည်“ဟုတင်ပြခဲ့ကြသည်။
ဒီအတွက် ပြင်ဆင်ဖို့က ပြည်ထောင်စုဗဟိုအစိုးရတွင် ပြည်နယ်ကိုယ်စားလှယ်များအား ပြည်ထောင်စု တာဝန်ခံများ အဖြစ် အာဏာအပြည့်အစုံရရှိထိမ်းရွက်စေခြင်း၊ နောက်တချက် ပြည်ထောင်စုနဲ့ပြည်နယ်များ အာဏာခွဲဝေရေး၌ ပြည်နယ်များ၏ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးမူပေါ်တွင် တိကျပြတ်သားမှုရရှိစေရေး၊ နောက်တချက် ပြည်ထောင်စုနဲ့ ပြည်နယ်များ အတွင်းရှိ သယံဖာတပစ္စည်းများထုတ်လုပ်ရေးတွင် ပြည်ထောင်စု အခြေခံ/ ပြည်နယ်အခြေခံဟာ ခွဲခြားပြီး စီမံကိန်းများနှင့် စနစ်တကျ ဆက်စပ်လုပ်စေရန်အတွက်လည်းကောင်း ပြည်ထောင်စု စီမံကိန်းကော်မရှင်၊ ပြည်နယ်အလိုက် စီမံကိန်း ကော်မရှင်များကို ဥပဒေအရ အခိုင်အမာဖွဲ့စည်း၍ ဆက်စပ် လုပ်ဆောင်သွားရေး။ နောက်တချက် ပြည်ထောင်စု တိုးတက်ကြီးပွားမှု ရန်ပုံငွေကြီးတရပ် ဖွင့်လှစ်၍ တရားဝင်ထည့်ဝင်ခြင်း၊ တရားဝင်ထုတ်ယူခြင်းတို့ ပြုလုပ်စေရန်နဲ့ ၄င်းအပြင် ပြည်ထောင်စုက ပြည်နယ်များသို့ အထူးထောက်ပံ့ငွေများ သီးခြားပေးအပ်ရေး။ နောက်တချက် ပြည်ထောင်စုဝန်ထမ်းအဖွဲ့၊ ပြည်နယ်ဝန်ထမ်းအဖွဲ့ကို သီးခြားထားရှိရေးနဲ့ထိမ်းချုပ်ပြုပြင်ရေး။ နောက်တချက် ဂျပန်စစ် လျော်ကြေးနဲ့တကွ နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ပြည်နယ်များအမြန်ဆုံးတိုး တက်ကြီးပွားရေးအတွက် ပြည်မထက် အထူးအခွင့်အရေးများ ပိုမိုခံစားခွင့်ပေးရေး။ နောက်တချက် ပြည်နယ်ကောင်စီများကို ပြည်နယ်ဥပဒေပြု လွှတ်တော်အဆင့်အတန်းသို့ မြှင့်တင်ပေးရေး၊ ပြည်နယ်ဥက္ကဋ္ဌများကို လွတ်လပ်စွာရွေးကောက်တင်မြှောက်ခွင့်ပြုရေး။ နောက်တချက် ပြည်နယ်ဆိုင်ရာဘတ်ဂျက်များ သီးခြားလုပ်ဆောင်ပြဌာန်းခွင့်ရရှိစေရေးနဲ့ ပြည်ထောင်စု ပြည်နယ် အခွန်တော် ခွဲဝေရေးတွင် အတိအကျညှိနှိုင်းသတ်မှတ်ရေး။ နောက်တချက် လက်ရှိပြည်ထောင်စုဥပဒေစာရင်းမှာ မြေည်ာ၊ သစ်တော၊ သတ္တုတွင်း၊ ရေနံတွင်းများ၊ စက်မှုလက်မှုထူထောင်ရေးများနဲ့ အခြားညှိနှိုင်းရရှိသောဘာသာရပ်များကို ပြည်နယ်/ပြည်မ စုပေါင်းသက်ဆိုင်သော တတိယစာရင်းတွင် ထည့်သွင်းရန်နှင့် ပြည်နယ်တိုင်းသည် အထက်ပါ လုပ်ငန်းများတွင် ဗဟိုပြည်ထောင်စုအစိုးရ၏ဝါဒနျင့်ဆန့်ကျင်လျှင် လုံးဝလွတ်လပ်စွာလုပ် ဆောင်ပိုင်ခွင့်၊ အကျိုး ခံစားခွင့် ရရှိစေခွင့်။ နောက်တချက် အလုပ်သမားအခွင့်အရေး၊ မြေည်ာစနစ်ပြုပြင်ရေး၊ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးစနစ် ထူထောင်ရေးလုပ်ငန်းများတွင်း ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စုအစိုးရ၏ ထူထောင် ရေးလုပ်ငန်းများတွင် ပြည်နယ်တိုင်းအတွက် လုံးဝလွတ်လပ်ခွင့်ရရှိစေရေးနှင့် ဗဟိုပြည်ထောင်စုအစိုးရ၏ စီးပွားရေး လူမှုရေး စသော(ဘုတ်နှင့် ကော်ပိုရေးရှင်း)များတွင် ပြည်နယ်ကိုယ်စားလှယ်များသည် တန်းတူရည်တူ အပြည့်အဝ ပါဝင်ရရှိစေရေး။ နောက်တချက် ပြည်နယ်များတွင် ဗဟိုပြည်ထောင်စုအစိုးရ၏ ဝါဒနှင့်အညီ အသိပညာ တိုးတက်ရေးအတွက် လူမျိုးစုဘာသာအလိုက် သီးခြားအသံလွှင့်ရုံများ ထူထောင်ခွင့်ရရှိစေရေး။
 နောက်တချက် ပြည်နယ်တိုင်း ပဒေသရာဇ်ဖိနှိပ်ချုပ်ချယ်မှု၊ လူမျိုးကြီးဝါဒ ဖိနှိပ်ချုပ်ချယ်မှု၊ စစ်ဝါဒဖိနှိပ်ချုပ်ချယ်မှုဝါဒဖယ်ရှား၍ ဒီမိုကရေစီဘဝကို ပြည့်ဝစွာဖြည့်တင်းပေးရေး နောက်ဆုံးတချက် အရေးအကြီးဆုံးညှိနှိုင်းရမည့်အခြေခံတရပ်မှာ အနာဂတ်တွင် မြန်မာပြည်ထောင်စု ဆိုရှယ်လစ် သမတနိုင်ငံ ထူထောင်ရေးအတွက် လက်ရှိ အခြေခံဥပဒေနှင့် ပြည်နယ်ဆိုင်ရာအခြေခံဥပဒေများတွင် တိကျပြတ်သားသော ရည်ညွှန်းချက်များကို အပြည့်အစုံ ထည့်သွင်းပြဌာန်းရေး ပင်ဖြစ်ကြောင်း တင်ပြကြသည်။
ခြုံပီးဆိုရလျှင် အထင်အမြင်လွဲမှားနေသောပြဿနာများကို ရှင်းကြရာတွင် တပြည်ထောင်စုလုံး အင်အား တောင့်တင်းရေး၊ တပြည်ထောင်စုလုံးရဲ့စီးပွား ပိုမိုတောင့်တင်းရေး၊ ပြည်ထောင်စုသူ/ပြည်ထောင်စုသား အားလုံး အတွက် တရားမျှတရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေးနဲ့ လွတ်လပ်သော ပြည်ထောင်စု  နိုင်ငံတော်ကြီး တည်တန့် ခိုင်မြဲရေးကိုတော့ ရှေ့ရှုပြီး ဆွေးနွေးကြသည်ဖြစ်ရာ မတ်လ ၁ရက်နေ့ ဆွေးနွေးပွဲအပီးတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ပြည်ထောင်စု စစ်စစ်မူ(ဗမာတပြည်နယ်သတ်မှတ်ရေး) ကို  ပြန်ရုပ်သိမ်းပြီး
၁။ ကမ္ဘာ့ဒီမိုကရေစီထုံးတမ်းအစဉ်အလာအရ ပြည်ထောင်စုလွှတ်တော်ကို လူဦးရေ အချိုးအစားနဲ့ ရွေးကောက် တင်မြှောက်စေပြီး ဗဟိုအစိုးရကို ရွေးချယ်ခြင်း၊ သို့ကလို ရွေးချယ်သည့်နေရာမှာလည်း ပြည်နယ်များမှ ကိုယ်စားလှယ် များကိုလည်း ပါဝင်ထည့်သွင်းခြင်း၊
၂။ လူမျိုးစုများအားလုံး ညှိနှိုင်းသဘောတူချက်အရ လူမျိုးစုလွှတ်တော်ကို ရွေး ကောက်ဖွဲ့စည်းခြင်း၊
၃။ ကမ္ဘာ့ဒီမိုကရေစီထုံးတမ်းစဉ်လာအရ ငွေဥပဒေကြမ်းမျိုးမှတပါး ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့သည် ဥပဒေပြုရေးတွင် အာဏာတန်းတူဖြစ်ခြင်း၊
၎။ ကမ္ဘာ့ပြည်ထောင်စုအစိုးရတိုင်း ပြည်ထောင်စုညီညွတ်ရေးအတွက် အရေးတကြီးကာကွယ်ပြဌာန်းရမည့် ပြဌာန်းချက် (၆)ရပ်အနက် တရပ်ဖြစ်သည့် လူမျိုးစုကြီးက လူမျိုးစုငယ်များကို မထိပါးနိုင်ရန် ပြည်ထောင်စုပြည်သူ့လွှတ်တော်က ရွေးချယ်သောဗဟို အစိုးရမှာ ပြည်နယ်ကောင်စီမှ ကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ်နဲ့ ပူးပေါင်း ဖွဲ့စည်းစေခြင်း၊ ညီတူညီမျှ တာဝန်ရှိစေဖြင်း၊
၅။ ပြည်နယ်/ပြည်မနှင့် ပြည်နယ်များအချင်းချင်း ပဋိပက္ခများ၊ မကျေလည်ချက်များကို ဥပဒေကြောင်းအရ လုံးဝ လွတ်လပ်စွာ ဖြေရှင်းအဆုံးအဖြတ်ပြုနိုင်ရန်အတွက် တရားလွှတ်တော်ချုပ်သို့ အာဏာပေးအပ်ထားခြင်း၊
၆။ ပြည်ထောင်စုပါလီမန်မှာ သုံးပုံနှစ်ပုံ သဘောတူညီချက်ရမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း၊
၇။ ရာဇဝင်အစဉ်အလာအရ၊ အချုပ်အချာအာဏာအရ ပြည်နယ်အဖြစ် ထူထောင်ခဲ့သော ရှမ်းပြည်နယ်ကဲ့သို့သော ပြည်နယ်ကို ခွဲထွက်ခွင့်ကို မူအားဖြင့် အပ်နှင်းထားခြင်းတို့ကို ဆက်လက်ကျင့်သုံးသွားရန် သဘောထားညှိနှိုင်းမှု ရနေကြပြီဖြစ်သည်။
တတိယနေ့ ဆွေးနွေးဖို့ မတ်လ ၇ ရက်နေ့ကို ချိန်းဆိုထားသော်လည်း မတ်လ ၁ရက်နေ့ သန်းခေါင်ကျော် နှီးနောဖလှယ်ပွဲက အပြန် မိုးမလင်းခင်မှာ စစ်တပ၏ အာဏာသိမ်းမှုကြောင့် ဒေါက်တာအေးမောင် တင်ပြရန်ရှိသော အာဏာရ ပ.ထ.စ အစိုးရ၏ သဘောထားကို မတင်ပြလိုက် ရတော့ပါ။ ထို့အတူ ထိုဆွေးနွေးညှိနှိုင်းချက်များကို ဆိုင်ရာဆိုင်ရာတို့က ပြန်လှန်သုံးသပ်ကြပြီးတဲ့ နောက်(၁၉၆၃)ခုနှစ်နှစ်ဦးမှာ ‘ပြည်ထောင်စုညီညွတ်ရေး ညီလာခံသဘင်ကြီး’ ထပ်မံကျင်းပပြီး၊ ထပ်မံညှိနှိုင်းကြပြီး၊ အစုံအညီလည်း တက်ရောက်စေပြီး အနယ်ထိုင်ကြတဲ့ အခါမှာ ဆုံးဖြတ်ချက်များ ချမှတ်ကြမည် ဆိုသည့် အစီအစဉ်လဲ ပျက်သွားရပါသည်။
ဒါကြောင့် “ကျနော်များဟာ ပြည်မခေါင်းဆောင်ကြီးများနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်ရေးကြီးကို ရလာကြတဲ့အတိုင်း ပါရမီဖြည့်ဖက် ဆိုးတူကောင်းဖက်ဖြစ် ကြပါတယ်ဆိုတာ မမေ့မလျော့သောသတိတရား လက်ကိုင်ထားပြီး မိသားစုစိတ်ဓါတ်ဖြင့် တန်းတူညီမျှမှု ရရှိစေမည့် လွတ်လပ်တဲ့ပြည်ထောင်စုကြီးကို ဖန်တီးကြပါစို့လို့ ပန်ကြားခြင်းသာ ဖြစ်ပါတယ်။“ ဟုဆိုကြကုန်သော တိုင်းရင်းသားခေါင်းဆောင် သွေးခြင်းတို့၏ အသံကို အများ ပြည်သူများ မသိလိုက်ရဘဲ  ရှမ်းကတမျိုး ကရင်ကတဖုံ ဗမာ မွန် ရခိုင် ချင်း ကချင်တို့ကတသွယ် ဥကွဲသိုက်ပျက် နေတာကြောင့် စစ်တပ်က ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ အစီအစဉ်တကျ လိမ်ညာတာကို မျိုးဆက်နဲ့ချီပီး ခံခဲ့ရပါတော့တယ်။
သမိုင်းတပါတ်လည်လာတဲ့ အခုအခါကာလမှာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ သုံးသပ်ရေး ကော်မရှင်ရဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အပေါ် လေ့လာတင်ပြချက် ဆိုတာကို သြဂုတ်လဆန်းပိုင်းက တင်သွင်းခဲ့ပီး သြဂုတ်လ ၂၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ’ ပထမဆုံးအကြိမ် အစည်းအဝေးလုပ်ခဲ့ပါတယ်။
တပြည်လုံးငြိမ်းချမ်းရေး  ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကျိုးပမ်းမှုတွေ အစိုးရဖက်ကရော အတိုက်အခံ နိုင်ငံရေးပါတီများ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အုပ်စုများ အသီးသီး ပါဝင်လာသည့် အခြေအနေဖြစ်ထွန်းလာပါတယ်။
အဖွဲ့ ၁၈ ဖွဲ့ပါ WGEC နဲ့ အဖွဲ့ ၁၁ ဖွဲ့ပါ UNFC တို့၏ လှုပ်ရှားမှုများ SNLD ဦးဆောင်သော ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်သည့် တိုင်းရင်းသားအရေး ဆွေးနွေးညှိနှိုင်းမှု SNDP (ကျားဖြူပါတီ) ၏ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ ရခိုင်နှစ်ပါတီရဲ့ စုဖွဲ့မှုသတင်းများနဲ့ အခြားသော တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုများစွာ အရှိန်ရနေတဲ့ အခြေအနေမှာ တမျိုးသားလုံးရဲ့ အကျိုးစီးပွါးကို ရှေ့ရှုပီး ရန်သူအချင်းချင်း စားပွဲခုံမှာ ထိုင်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲမျိုးမဟုတ်ဘဲ
ဒီမိသားစုထဲက သဘောကွဲလွဲချက်တွေကို ညီအစ်ကိုမောင်နှမတတွေအကျိုး ကျွန်တော်တို့ နောင်လာနောက်သား မျိုးဆက်သစ်လေးတွေရဲ့အကျိုး ပြည်ထောင်စုကြီးရဲ့ အကျိုးကို မျှော်ကိုးပြီး တယောက်နဲ့တယောက် အပေးအယူ လုပ်ပြီး သဘောတူညီချက်မရရအောင် ညှိနှိုင်းကြဖို့ ဆောင်ရွက်ကြပါစို့။