U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Thursday, June 9, 2016

သခင်နု၏ လက်ဝဲ ညီညွှတ်ရေးမူအပေါ် နိုင်ငံရေးပါတီများ အဖွဲ့အစည်းများ၏ သဘောထားများ



၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတဲ့ခါမှာ အားလုံးက တတပ် တအား ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ် ။
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ပင်လုံညီလာခံတွင် နိုင်ငံရေးပါတီ အားလုံး တက်ရောက်ခြင်းထက် ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသာ တက်ရောက်ရေးကို ဆောင်ရွက်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်ဟု ကြားရသည်။

-
 ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုး တက်ရေးများကို လုပ်ဆောင်နိုင်ကြရန် လွတ်လပ်ရေး ရပြီးသည်မှ ယနေ့တိုင် အတောမသတ်နိုင်အောင် တောက်လောင်ခဲ့သော စစ်မီးကို ညီညွတ်မှုဖြင့်သာ ငြိမ်းသတ်နိုင်မည်ဖြစ်သည်။
ထိုကြောင့် ဘသိန်းလွင် ရေးသားသည့် ဆောင်းပါးတပုဒ်ကို ပြန်လည် တင်ပြလိုက်ပါသည်။
-
၁၉၄၆ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်နေ့တွင် ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်သည်။ ကွန်မြူနစ်ပါတီကို ဘာကြောင့် ထုတ်ပယ်ရကြောင်း  ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ (၂၀) ရက်နေ့တွင် ရွှေတိဂုံ အနောက်မုခ်၌ ကျင်းပသော လူထု အစည်းအဝေးတွင် တိုင်းပြည်သို့ ရှင်းလင်း ပြောကြားခဲ့သည်။ သို့သော် ကွန်မြူနစ်ပါတီသည် ဖက်ဆစ် ဆန့်ကျင်ရေး ကာလအတွင်း ပြည်သူ့တပ်ဦး ဖဆပလ အဖွဲ့ချုပ်အတွင်း တက်တက်ကြွကြွ ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များနှင့် ရင်းနှီးသူ ဖြစ်သည့်အပြင် ဗမာပြည် ကွန်မြူနစ် ပါတီအပေါ် သံယောဇဉ် ကြီးလှပေသည်။ ထို့ကြောင့် ဖဆပလနှင့် ကွန်မြူနစ်ပါတီ ပြန်လည် ပူးပေါင်းရေးကို ကြိုးပမ်းခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန် ဆွေးနွေးပွဲမှအပြန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် မိမိ ဆောင်ရွက်ခဲ့သည်များကို ဖဆပလဦးစီး အမှုဆောင် အဖွဲ့သို့ ပြန်လည် တင်ပြပြီးနောက် “ကျုပ်ပြောလိုက်မယ်၊ ပေါင်းချင်ရင် အခြား အဖွဲ့အစည်းတွေကိုတော့ ကျုပ် မပေါင်းချင်ဘူး။ အဲဒီ သိန်း-သန်းထွန်း ကွန်မြူနစ်တော့ ပေါင်းနိုင်တယ်။” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ တစ်ပတ်ခန့်အလို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသော အစည်းအဝေးတွင်လည်း “ယခုကျွန်တော် တိတိလင်းလင်း ပြောထားစမ်းမယ်။ ဗမာပြည်မှာ လူထုညီညွတ်ရေး တိုင်းရင်းသား ညီညွတ်ရေးတွေဟာ မပြိုမကွဲဘဲနဲ့ လူငယ် နိုင်ငံရေးသမားတွေ ညီညွတ်သည်ထက် ညီညွတ်ရင် အဲဒီအင်အားဟာ ကြီးကြီးသလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်” ဟု လက်ဝဲညီညွတ်ရေးကို ပြောကြားခဲ့သည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလနှင့် ကွန်မြူနစ် ပြန်လည် ပူးပေါင်းရေးကို ကြိုးပမ်းနေစဉ်မှာပင် လုပ်ကြံခံခဲ့ရသဖြင့် ပြန်လည်ပူးပေါင်းရေးသည် အထမမြောက်ခဲ့ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး သုံးလပင် မပြည့်မီ ၁၉၄၈ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီသည် တောခိုကာ လက်နက်ကိုင် လမ်းစဉ်ကို ကျင့်သုံးလာသဖြင့် ပြည်တွင်းစစ်မီးသည် စတင် တောက်လောင် လာတော့သည်။ ဖဆပလအစိုးရသည် ကွန်မြူနစ်တို့နှင့် တိုက်နေသော ပြည်တွင်းစစ်ကို ရပ်စဲရန် လက်ဝဲ ညီညွတ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီကို မတရားသင်းအဖြစ် ကြေညာခြင်း မပြုသေးဘဲ လက်ဝဲ ညီညွတ်ရေးရှိရန် ကြိုးပမ်းလျက် ရှိပေသည်။ ၁၉၄၈ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် ဝန်ကြီးချုပ် သခင်နု နေအိမ်၌ ဗိုလ်လကျော်၊ ဗိုလ်စိန်မှန်၊ ဦးကျော်ငြိမ်၊ ဦးဗဆွေ၊ ဦးအုန်းနှင့် ဦးသိန်းဖေ (မြင့်) တို့ လက်ဝဲ ညီညွတ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ် သခင်နုက ဆိုဗီယက်ရုရှားနှင့် အရှေ့ဥရောပ ဒီမိုကရေစီ နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး ဆက်သွယ်ရန်၊ လက်ဝါးကြီးအုပ် ဓနရှင် လုပ်ငန်းများကို ပြည်သူပိုင် သိမ်းရန်၊ နိုင်ငံတော်၏ ဝင်ကုန်၊ ထွက်ကုန်၊ နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေးကို နိုင်ငံတော် အစိုးရက တိုက်ရိုက် လုပ်ကိုင်ရန်၊ လန်ဒန်တွင် ထားရှိသော ငွေကြေးစီမံမှု အဖွဲ့ကို မြန်မာပြည်သို့ရွှေ့ရန်၊ နိုင်ငံတော်၏ စီးပွားရေး စစ်ရေးကို ထိပါးစေမည့် နိုင်ငံခြား အကူအညီမယူရန်၊ တပ်မတော်ကို ပြည်သူ့ဒီမိုကရေစီ တပ်မတော်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန်၊ မြေရှင်စနစ်ကို ဖျက်သိမ်း၍ လယ်ယာလုပ်သားများကို မြေယာဝေငှပေးရန်၊ တိုင်းပြည်တွင် စက်မှုလက်မှု ထွန်းကားရေးအတွက် စီမံကိန်း ချမှတ်ဆောင်ရွက်ရန်၊ တောင်တန်းဒေသများတွင် ပြည်သူ့အစိုးရများ ထူထောင်ရန်၊ ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရားအဖြစ် ပြောင်းလဲရန်၊ ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေများကို ပယ်ဖျက်ရန် စသော အချက် (၁၅) ချက်ပါဝင်သည့်  လက်ဝဲ ညီညွတ်ရေးမူကို မေလ(၂၅) ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ (နောင်အခါ နောက်ဆုံးအချက်ဖြစ်သော မာက်စ်ဝါဒ လိုလားသူများ ပါဝင်သော မာက်စ်ဝါဒ လေ့လာရာ အဖွဲ့တစ်ခု ဖွဲ့စည်းရန် အချက်ကို ဖြုတ်ပယ်လိုက်သဖြင့် နုမူ (၁၄) ချက်ဟု ထင်ရှားလာသည်။

ထိုကဲ့သို့ သခင်နုသည် ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်တို့၏ လက်ဝဲ ညီညွတ်ရေးမူကို ထုတ်ပြန် လိုက်သောအခါ နိုင်ငံရေးပါတီများ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တို့ကလည်း ၎င်းတို့၏ သဘောထားများကို ထုတ်ပြန် ကြေညာလိုက်ကြသည်။ ထိုကြေညာ ချက်များကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

“အမျိုးသား ခေါင်းဆောင်ကြီး သခင်နုက ၂၅-၅-၄၈ ရက်နေ့တွင် အမျိုးသားလုံး ညီညွတ်ရေး၏ မဏ္ဍိုင်ဖြစ်သော လက်ဝဲ ညီညွတ်ရေးမူကို ပြည်သူလူထုရှေ့သို့ တင်ပြလိုက်လေပြီ။ ငါတို့ ဆိုရှယ်လစ်ပါတီ အလုပ်အမှုဆောင် အဖွဲ့သည် ထိုညီညွတ်ရေးမူကို လေ့လာပြီး ဖြစ်သည်။”

“ဤလုပ်ငန်းစဉ် ရုပ်လုံးပေါ်ရေးမှာ လက်ဝဲအင်အားစု ညီညွတ်စည်းရုံးသည်နှင့် အမျှသာ ချောမော လျင်မြန်လိမ့်မည် ဖြစ်ပေရာ သခင်နု ကြေညာလိုက်သော လက်ဝဲ ညီညွတ်ရေး  အစီအမံများကလည်း ငါတို့ လက်ခံသည်။ ပြည်သူ့ ရဲဘော်အဖွဲ့နှင့် လက်ရှိ ပြည်တွင်းစစ်ကို ဆန့်ကျင်သော ကွန်မြူနစ် အင်အားစုကလည်း ကျွန်ုပ်တို့နှင့်အတူတကွ လက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ပြည်တွင်းစစ် ပြုနေကြသော ကွန်မြူနစ်တို့သည်လည်း အမှားကို ရိုးသားစွာ ဝန်ခံကာ ပြည်တွင်းစစ်ကို ရပ်စဲ၍ ညီညွတ်ရေး လမ်းစဉ်သို့ လိုက်လာလိမ့်မည်ဟု မျှော်လင့်သည်။ ယခု ခေါင်းဆောင်ကြီး သခင်နုက ဆိုရှယ်လစ် ရဲဘော် ပြည်တွင်းစစ်ကို ဆန့်ကျင်သော ကွန်မြူနစ်များနှင့် အခြား လက်ဝဲသမားများ ပါဝင်သော မတ်ဇစ်လီနင်ဝါဒကို အခြေခံသည့် တစ်ခုတည်းသော ပါတီတစ်ရပ် ဖြစ်ပေါ်ရေးသည်လည်း ငါတို့ပါတီမှ စွဲမြဲစွာ ယုံကြည်ခဲ့သော မူအတိုင်းပင် ဖြစ်၍ ငါတို့ လုံးဝ လက်ခံသည်” ဟု ဖော်ပြထားသည်။

ဗမာ နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး (ဌာနချုပ်) မှလည်း “ယခုအခါ ဗမာနိုင်ငံတွင် လက်ရာပါတီတို့ ဖောက်ပြန်ကျဆုံးဆဲ အချိန်တွင် လက်ဝဲပါတီတို့သည် အစိတ်စိတ် အမွှာမွှာ ကွဲပြားလျက် ရှိချေသည်။ ဤ အချက်သည်ပင်လျှင် ပစ္စည်းမဲ့ လယ်သမား အလုပ်သမားများအဖို့ ဘဝသစ် တော်လှန်ဖန်တီးရေးကို အစွမ်းကုန် ချီတက်နိုင်ရေးအတွက် နှောင့်နှေး၍ ခရီးမတွင် ဖြစ်နေရလေသည်။ ထိုထက် လက်ဝဲပါတီ အချင်းချင်း ပဋိပက္ခ ဖြစ်ပွားမှုများ ပိုမိုပြင်းထန်လေလေ ပစ္စည်းမဲ့ အလုပ်သမား လယ်သမားများအတွက် ပိုမိုနစ်နာလေလေ ဖြစ်ရချေသည်။ ဤအကြောင်းများကို ယနေ့ ပစ္စည်းမဲ့ အပေါင်းတို့၏ လုပ်ငန်းစဉ် လက်ရှိ အခြေအနေတွင် တင်ကြည့်က ထင်ရှားမည် ဖြစ်လေသည်။”

“ဤလက်ဝဲ လုပ်ငန်းစဉ်ကြီးများတွင် ငါတို့ အထူးနှစ်ခြိုက် ယုံကြည်စွာ လက်ခံဆာင်ရွက်ရမည့် (၂) ချက်မှာ မြေရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စက်ယန္တရား  တပ်ဆင်ပေးရေးတို့ ဖြစ်လေသည်။ ငါတို့၏ မြေမဲ့ယာမဲ့များအတွက် ပထမဆုံး တော်လှန်နှိမ်နှင်းရမည့် ရန်သူကြီးမှာ မြေရှင်စနစ်ကြီး ဖြစ်ပေသည်။”

“ယခုမူကား ထိုရန်သူကို အပြုတ်ချ၍ အနိုင်ယူရန် ပိုမိုဖြစ်မြောက်စေမည့် လုပ်ငန်းစဉ်နှင့် အင်အားစုကြီးများကို ဤလက်ဝဲညီညွတ်ရေး  မူကြီးသည် ကြီမားသော အကူအညီဖြင့် ထပ်ဖြည့်ပေးလိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ငါတို့သည် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ခြင်း ဖြစ်ကြောင်း” ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထို့ပြင် စီးပွား ကုန်သွယ်ရေး အစည်းအရုံးများ အဖွဲ့ချုပ် (ဗမာနိုင်ငံ) ကလည်း သခင်နု၏ လက်ဝဲ ညီညွတ်ရေးမူအပေါ် ၎င်းတို့၏ သဘောထားကို အောက်ပါအတိုင်း  ထုတ်ပြန် ကြေညာလိုက်သည်။ “ငါတို့၏ ဖဆပလဥက္ကဋ္ဌ အမျိုးသား ခေါင်းဆောင်ကြီး သခင်နုကိုယ်တိုင် တိုင်းပြည်သို့ တင်ပြ ကြေညာလိုက်ပြီးဖြစ်သော တစ်မျိုးသားလုံး  ညီညွတ်ရေး သွေးစည်းရေး မဏ္ဍိုင်ကြီး တည်ဆောက်ရေးအတွက် လက်ဝဲညီညွတ်ရေး လမ်းစဉ်ဖြင့် ခေါ်ယူလိုက်ခြင်းသည် ယခု မျက်မှောက် ဖြစ်ပျက်နေသော ဘဝ အခြေအနေများအရ ကွဲပြားခြားနေကြသည့် လက်ဝဲအင်အားစုများ ပေါင်းစည်း၍  တစ်ဖွဲ့တစ်ပါတီ တအားစုတည်းသော လက်ဝဲညီညွတ်ရေးကို တည်ဆောက်ရန် အချိန်ကောင်း အခါကောင်းပင် ဖြစ်သည်ဟု စွဲမြဲစွာ ယုံကြည်ကြောင်း”

“ယခု အချိန်အခါသည် တစ်မျိုးသားလုံး  ညီညွတ်သွေးစည်းရမည့် အခါဖြစ်ပေသည်။ တစ်မျိုးသားလုံး ညီညွတ်ရေး မဏ္ဍိုင်သည် လက်ဝဲ ညီညွတ်ရေး အပေါ်တွင်သာ အခြေတည်နေသဖြင့် လက်ဝဲ အင်အားစုများ စုဝေး၍ တစ်စုတည်း တစ်ဖွဲ့တည်း တစ်ပါတီတည်း ဆောက်တည်ရေး လမ်းစဉ်အရ အားတိုက်ခွန်တိုက် လုပ်ဆောင်ကြရမည့် အချိန်ပိုင်း ဖြစ်လေသည်။”

“ခေါင်ဆောင်ကြီး သခင်နု တင်ပြသော လက်ဝဲညီညွတ်ရေးမူနှင့် လုပ်ငန်းစဉ်များကို စီးပွားကုန်သွယ်ရေး  အစည်းအရုံးများ အဖွဲ့ချုပ်မှ ခြွင်းချက်မရှိ လက်ခံ၍ အကောင်အထည် ထွက်ပေါ်လာအောင် တည်ဆောက်ရေး လုပ်ငန်းတွင်  အစွမ်းကုန်  အားတိုက်ခွန်တိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ဝဲညီညွတ်ရေး အောင်ရမည်။”

တဖန် အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ် (ဗမာနိုင်ငံ) က ကြေညာချက် ထုတ်ပြန်ရာတွင် “ငါတို့၏ ခေါင်းအမိုက်မှောင် အတွင်းသို့ သက်ဆင်းခဲ့လေပြီဟု ထင်မှတ်နေဆဲ အချိန်တွင် အမျိုးသား ခေါင်းဆောင်ကြီး သခင်နု၏ လက်ဝဲညီညွတ်ရေးမူသည် နေလသဖွယ် အားထားဖွယ်ရာ ပေါ်ခဲ့လေပြီ”

“ဤသည်သာ စစ်ဘေးစစ်ဒဏ်တို့ဖြင့် နာလံမထူဖြစ်နေသော နိုင်ငံတော်ဘဝဆိုး အခြေဆိုးသို့ ရောက်နေသော ငါတို့ပစ္စည်းမဲ့ အလုပ်သမား လယ်သမားတို့ကို ကယ်တင်နိုင်သည်ဟု ရိုးသားစွာ ယုံကြည်ပါသဖြင့် နိုင်ငံတော် ခေါင်းဆောင်ကြီး သခင်နု၏ လက်ဝဲ ညီညွတ်ရေးမူကို အကြွင်းမဲ့ ထောက်ခံလိုက်ပါကြောင်း” ဖော်ပြထားပေသည်။

ထို့ပြင် သခင်နု၏ လက်ဝဲညီညွတ်ရေးမူနှင့် ပတ်သက်၍ ဦးသိန်းဖေ (မြင့်) ကလည်း “ကျွန်တော်သည် တစ်မျိုးသားလုံး ညီညွတ်ရေး၏  မဏ္ဍိုင်ဖြစ်သော လက်ဝဲညီညွတ်ရေးကို  ရှေ့ရှု၍ လည်းကောင်း၊ ဂိုရှယ်၏ ပြည်တွင်း စစ်လမ်းစဉ်ကို ပါတီအတွင်းမှ တိုက်မရတော့၍ အပြင်မှ တိုက်ဖျက်ရန် လည်းကောင်း ဗမာပြည် ကွန်မြူနစ်ပါတီမှ ၂၆၊ ၃၊ ၄၈ ရက်နေ့က နှုတ်ထွက်ခဲ့လေသည်။ သို့ နုတ်ထွက်ခဲ့သော်လည်း ပါတီတစ်ရပ် သီးသန့်ထောင်ရန် ရည်ရွယ်ချက် မရှိခဲ့ လက်ဝဲအင်အားစု အားလုံးကိုသာ  တစ်ပါတီတည်း ဖြစ်ရေး လိုလားခဲ့လေသည်။ ယခု ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ သခင်နု တင်ပြသော ညီညွတ်ရေးမူသည် ကျွန်တော်လိုလားသော တစ်မျိုးသားလုံး ညီညွတ်ရေးသို့ ပို့ဆောင်မည်ဟု ယုံကြည်သဖြင့် လက်ခံပါကြောင်း” ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။

လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီးသည် စတင် တောက်လောင်ခဲ့ပြီ ဖြစ်သည်။ ထိုစစ်မီးကို ငြိမ်းသတ်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုး တက်ရေးများကို လုပ်ဆောင်နိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် ဖဆပလဥက္ကဋ္ဌ ဝန်ကြီးချုပ် သခင်နုသည် လက်ဝဲ ညီညွတ်ရေးရရှိရန် ကြိုးပမ်းခဲ့ပုံကို တင်ပြလိုက်ပါသည်။

ဘသိန်းလွင်

ကိုးကားစာရင်း- ဖဆပလ ဥက္ကဌ သခင်နု တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို မဏ္ဍိုင်ပြုမည်မူ

                  - ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (၁၉၄၅-၄၇)၊ စာပေဗိမာန် ပုံနှိပ်တိုက်

                  - တပ်မတော်သမိုင်း၊ စတုတ္ထတွဲ (၁၉၄၈-၆၂)