U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Sunday, February 12, 2017

" နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့- ၂၁ရာစုပင်လုံနှင့် ပြည်သူ့အစိုးရ"





(၁)
ဗိုလ်ချုပ် မြင်သွားရသော မြန်မာ့ လွတ်လပ်ရေးဆိုပြီး ၁၉၄၇ခု ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ထိုစာချုပ်သည် မြန်မာပြည်ထောင်စု၏ လွတ်လပ်ရေးကို အာမခံသော လွတ်လပ်ရေးစာချုပ်လည်း ဖြစ်ပေသည်။ ထိုစာချုပ် ချုပ်ဆိုနိုင်အောင် တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်အဖြစ် ပင်လုံညီညွတ်မှုဖြင့် လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပုံရိပ်ကို ဗိုလ်ချုပ်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်သွားရခြင်းဖြစ်ပါသည်ဟု မနှစ်က ပြည်ထောင်စုနေ့ တွင် ရေးခဲ့ပါသည်။
-
ဗြိတိသျှတို့သည် မတတ်သာသည့်အဆုံး မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေး ပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရသည့်တိုင် ‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် -‘တောင်တန်းဒေသနှင့်
ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က
မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့်
နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားသေးသည့်အတွက် ပင်လုံစာချုပ်ဟူသည် ပြည်ထောင်စုကို ကိုယ်စားပြုရုံမက လွတ်လပ်ရေး၏ အာရုဏ်ဦး လင်းရောင်လည်း ဖြစ်ပါသည်။
-
ဗြိတိသျှအစိုးရသည် ဗမာပြည်မနှင့် တောင်တန်းဒေသ တိုင်းရင်းသားများ ညီညွတ်မှုမရရန် စနစ်တကျ သွေးထိုးခွဲခြမ်းမှုပြုခဲ့သည်။
တောင်တန်းဒေသ အုပ်ချုပ်ရေးရုံးအရာရှိများသည် သွေးခွဲရေးအတွက် အထူးခန့်ထားသူများဖြစ်သည်။
-
ဗြိတိသျှတို့က ၁၉၃၇ ခုနှစ်တွင် ကိုလိုနီခေတ် မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု) ဥပဒေအရ ၉၁ ဋ္ဌာန အုပ်ချုပ်ရေး စနစ်သစ်ဖြင့် ပြောင်းလဲ အုပ်ချုပ်ခဲ့သည်။
-
ထိုအုပ်ချုပ်ရေးတွင် တောင်တန်း ဒေသများနှင့် ပတ်သက်၍ ဇယား(၁)၊ ဇယား(၂) ဧရိယာများ သတ်မှတ်ကာ ပြည်မအုပ်ချုပ်ရေးနှင့် ကွဲပြား ခြားနားသော အုပ်ချုပ်ရေး စနစ်တစ်ခုကိုပါ ဖန်တီးထားခဲ့သည်။
-
အထူးအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရန် သတ်မှတ် ထားသည့် ဒေသများကို စာရင်းပြုစုထားရာ အပိုင်း(၁) ဇယားဝင် ဒေသများမှာ ပဒေသရာဇ် ရှမ်းပြည်၊ ပဒေသရာဇ် ရှမ်းပြည်တွင် မပါဝင်သော ရှမ်းနယ်များ ဖြစ်ကြသည့် သောင်သွပ်၊ ဆင်ကလိန်၊ ခန္တီးနှင့် ခန္တီလုံ၊ ရခိုင် တောင်တန်း ဒေသများ၊ ချင်းတောင် စီရင်စု၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာစီရင်စုတို့ ပါဝင်သော ကချင် တောင်တန်း ဒေသများ၊ တြိဂံနယ်မြေဟု တွင်သောဒေသ၊ အထက်ချင်းတွင်း စီရင်စု မြောက်ဘက်တွင် ရှိသည့် ဟူးကောင်း တောင်ကြားဒေသ ဟုတွင်သောဒေသ၊ သံလွင်စီရင်စုနှင့် အုပ်ချုပ်မှု မရှိသေးသော ဒေသအားလုံး ပါဝင်သည်။
-
အပိုင်း(၂) ဇယားဝင် ဒေသများမှာ အပိုင်း(၁) ဇယားတွင် မပါဝင်သည့် မြစ်ကြီးနားနှင့် ဗန်းမော်တို့မှ အစိတ်အပိုင်းများ၊ အထက်ချင်းတွင်းရှိ ဟုမ္မလင်း၊ မော်လိုက်၊ ယခင် မူးမြို့နယ်ရှိ ကျေးလက်ဒေသများ၊ ကြာအင်းမြို့နယ်၊ ကော့ကရိတ်မြို့နယ်မှ
မြ၀တီတိုက်နယ်၊ တောင်ငူ စီရင်စု အရှေ့ဘက်ခြမ်းနှင့် သထုံစီရင်စုရှိ တောင်တန်း ဒေသများ၊ ဖြစ်သည်။
-
ထိုတောင်တန်းဒေသများကို မည်ကဲ့သို့ အုပ်ချုပ်မည်နှင့် ပတ်သက်၍ တောင်တန်းဒေသ အုပ်ချုပ်ရေး ကြေညာချက်ကို ၁၉၄၆ အောက်တိုဘာ ၂၆ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

 ယေဘုယျအားဖြင့် အပိုင်း(၁) ဒေသများသည်(က) ပဒေသရာဇ် နယ်မြေများနှင့် (ခ) ကျန်သည့် မဖွံ့ဖြိုးသေးသော ဒေသများ ဖြစ်သည်။
-
အပိုင်း ၂ ဒေသမှာ ဘုရင်ခံအား စိတ်ကြိုက် ကိုယ်စားလှယ်ခန့်အပ်ခွင့် ပြုထားသည့် ဒေသများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ပြည်မနှင့် တောင်တန်းဒေသများကို သွေးကွဲစေရန် ခွဲခြား အုပ်ချုပ် ထားခြင်းပင် ဖြစ်သည်။
-
ထို သွေးခွဲမှုသည် နှစ်ပေါင်း ၇၀ ကြာအောင် ပြည်တွင်းစစ်မီးကို တငွေ့ငွေ့ လောင်ကျွမ်းစေခဲ့သည့် ပင်မ -အရင်းအမြစ် ဖြစ်သည်ကိုလည်း ရှင်းလင်းစွာနားလည်ပါလျှင် ဗမာအပါအဝင်ဖြစ်သော တိုင်းရင်းသား အချင်းချင်းကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန် အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
-
ဗြိတိသျှအစိုးရက ထိုသို့ စနစ်တကျ ပြင်ဆင်ထားသော အခင်းအကျင်းတွင် မိမိတို့၏ သြဇာနှင့် အခွင့်အရေးကို ထောက်ရှုကာ စော်ဘွားအများစုမှာ ပင်လုံစာချုပ်ကို သဘောမတူလို အမျော်အမြင်ရှိသောမိုင်းပွန်စော်ဘွား စသည့်စော်ဘွားများမှာလည်း အင်အားသိပ်မကောင်းဖြစ်နေသည့် အခြေအနေကို ကချင်ခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီးနှင့် အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအတွင်း စည်းရုံးလှုပ်ရှားမှုဖြင့်
စော်ဘွားများသာမဟုတ် ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်လာရန် ကြိုးစာမှု၊ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)တို့က ရှမ်းလူထု အင်အားဖြင့် စော်ဘွားများ၏အစည်းအဝေးကို ၀ိုင်းပြီး ဆန္ဒပြခြင်း စသည်ဖြင့် တိုင်းရင်းသားလူငယ်များ၏ စည်းရုံးမှု၊ တိုင်းရင်းသားလူထုဆန္ဒဖြင့် သမိုင်းဝင် ပင်လုံညီညွတ်ရေး စာချုပ်ကြီးကို ဖေါ်ဆောင် ရရှိခဲ့ရပါသည်။
-
(၂)
ယခုကာလတွင်လည်း အနှစ်၇၀ပြည်တွင်း တိုက်ခိုက် သတ်ဖြတ်မှုတွေ ဖြစ်စေခဲ့တဲ့ မယုံသင်္ကာမှုတွေ အပြန်အလှန်စွပ်စွဲမှုတွေ ကင်းစင်သွားနိုင်ဖို့ လိုအပ်မှုအရ ဖြစ်ပေါ်လာသော ၂၁ ရာစု ပင်လုံညီလာခံသည် ပထမအကြိမ် (ဖွင့်ပွဲဟု ဆိုရမည့်) အစည်းအဝေးကို စတင်နိုင်ခဲ့ပြီဖြစ်ကာ ခြောက်လတစ်ကြိမ် ပြုလုပ်သွားမည့် အစည်းအဝေး ကြားကာလများအတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ
ပြုလုပ်သွားမည်ဟု အစီအစဉ်ရှိသော်လည်း မည်သည့် အချိန်တွင် ပြီးဆုံးမည် ဆိုသည်ကို မခန့်မှန်းနိုင်သေးပါ။
-
နှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကို ချက်ချင်းရပ်စဲပြီး ငြိမ်းချမ်းရေးကို အရယူရန်မှာ လုံးဝ မလွယ်ကူသလို ငြိမ်း ချမ်းရေးမှာ တတ်နိုင်သမျှ မြန်မြန် ရရှိရန်လည်း လိုအပ်နေပါသည်။
-
လက်ရှိ အသက်ကို ၆ထိပ်စီးနှင့်စသည့် ကျနော်တို့ အရွယ်တန်းသည် လူမှန်းသိချိန်ကစပြီး တသက်တာကာလလုံး အစိုးရ နံမယ်နှင့် အ၀တ်အစားပြောင်းဝတ်တတ်သည့် အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်နှင့်
ပြည်တွင်းမငြိမ်းချမ်းမှု ပြည်ပတွင် မျက်နှာငယ်ရမှုတို့ကို ကြုံခဲ့ရသူများ ဖြစ်ပါသည်။
-
ပြည်တွင်းမငြိမ်းချမ်းမှုမှာ တတိုင်းပြည်လုံးက ရှိသမျှ အဓိကလူ မျိုးစု အားလုံး လိုလို လက်နက်ကိုင်တော်လှန်ကာ မိမိတို့ဆိုင်ရာ အခွင့်အရေး တိုက်ပွဲဝင်တောင်းဆိုနေသည်ဖြစ်ရာ တခြားနိုင်ငံအသီးသီးက သူပုန်ထမှုတွေလို အပြတ်ရျင်းဖို့ မဖြစ်ပါ။
-
မြန်မာနိုင်ငံ၏ အခြေအနေမှာ တူညီသော အခွင့်အရေးကို အခြေခံကာ တိုင်းရင်းသားအခြင်းခြင်း တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ယုံကြည်မှု မရှိလျှင် ၂၁-ရာစုမဟုတ် ရာစုအသင်္ချေကြာရှည်သည့်တိုင်လည်း ငြိမ်းချမ်းမည်မဟုတ်ပါ။
-
(၃)
တရားဝင်မှုနှင့် လူထု ထောက်ခံမှုကြောင့် လက်ရှိ အစိုးရ သစ်လက်ထက်တွင် ငြိမ်းချမ်းရေး ရရှိရန် အခွင့်အလမ်းအကောင်းဆုံး ဖြစ်သော်လည်း
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ တက်လာတဲ့ အစိုးရရဲ့
ဆောင်ရွက်ချက်တွေအပေါ် အားရသူ၊ အားမရသူတွေနဲ့ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။
-
ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရတစ်ရပ် တက်လာ သောအခါ အောင်ပွဲတစ်ခုအဖြစ် ၀မ်းပန်းတသာ ဖြစ်ခြင်းနှင့်အတူ ချက်ချင်းလက်ငင်း နိုင်ငံတိုးတက်မှု၊ စီးပွားရေး အ ဆင်ပြေမှုနှင့် လူမှုရေးတိုးတက်မြင့်မားမှုတို့ကို မျှော်လင့်ထားကြသည်။
-
သိသာထင်ရှားသော ပြောင်းလဲမှု မျိုးမမြင်တွေ့ကြရဘဲ ငွေတန်ဖိုး ကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အမှုအခင်းများနှင့် တရားဥပဒေကို စိန်ခေါ်သော ရာဇ၀တ်မှုများ များ ပြားလာမှု၊ တိုင်းရင်းသားလက် နက်ကိုင်တိုက်ပွဲများနှင့် ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ အကြမ်းဖက်မှုများကြောင့် ပြည် သူအများအပြားက အစိုးရသစ်နှင့် ဒီမိုကရေစီအပေါ်တွင် မေးခွန်း ထုတ်ခြင်းများရှိလာကြသည်။
-
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ အဖွဲ့တွင် ပါဝင်သွားခြင်းသည်လည်း လွှတ်တော် အနေဖြင့် အစိုးရအား အပြန်အလှန် ထိန်းကျောင်းမှု အားနည်းသည့် အဓိကအချက် ဖြစ်သည်ဟုလည်း ကိုယ်စားလှယ်များက သုံးသပ် ပြောကြားကြသည်။
-
ယခုအတိုက်အခံဖြစ်နေသော အစိုးရဟောင်းကလည်း ငါတို့လောက် မလုပ်နိုင်ဘူးဟု ပေါ်ပေါ်ထင်ထင် အသံထွက်နေသည်။
-
ကြားဖြတ်ရွေးကော်ပွဲအတွက် စည်းရုံးရေးဆင်းရာတွင် တနိုင်ငံလုံး စိမ်းကုန်ဘီဟု ဓါတ်ပုံစိမ်းတွေနှင် ကြော်ညာဝင်နေသည်ကို မိတ်ဆွေတယောက်က
ဟ-တကယ်ကြီးလား နေ့စားနဲ့လားလို့ လှမ်းမေးသည်။
-
နေ့စားနှင့်ဆိုရင်တော့ အမှတ်မရှိသေးဘဲကိုးလို့ ပြောရမည်။ -
တကယ်ကြီးဆိုရင်တော့ ကြားဖြတ်မှာ ပြည်ခိုင်ဖြိုးကို နိုင်စေခြင်တာ ကိုဗကပါဘဲ။
-
ဒီမိုကရေစီကျင့်ထုံးမှာ အတိုက်အခံလုပ်တယ်ဆိုတာက နိုင်ငံရေးဖြစ်စဉ်တွေအရ အာဏာရ အစိုးရဘာလုပ်လုပ် ကန့်ကွက်ဖို့ ဖျက်ဆီးတာ၊ ပျက်အောင်လုပ်တာ၊ မချောမွေ့ အောင်လုပ်တာ၊ကလန်တာ သက်သက် မဟုတ်ပဲ တိုးတက်မှု ဖြစ်ထွန်းဖို့ ၊ တရားမျှတမှုရှိဖို့နိုင်ငံရေးဖြစ်စဉ်များ ချောမွေ့ဖို့
ကောင်းမွန်စွာ ဖြစ်ထွန်းပေါ်ပေါက်ဖို့ အတွက် မလွဲမသွေလိုအပ်သော ကြီးကြပ်ဒိုင်ပါဘဲ။ ပြည်ခိုင်ဖြိုး အနေနှင်လည်း အားကောင်းသော အတိုက်အခံဘ၀ကို နည်းမှန်လမ်းမှန် ကျင့်သုံးတတ်လာပီး ဒီမိုကရေစီ ကျင့်ထုံးနှင် ယဉ်ပါးလာနိုင်ပါသည်။
-
အတိုက်အခံ ဆိုတဲ့ စောင့်ကြည့် ညှိထိမ်းပေးမှု မရှိရင် အားမကောင်းရင် လုပ်ပေးနိုင်တဲ့ အဖွဲ့ အစည်းမရှိတဲ့အခါ ၊ ဝေဖန်ထောက်ပြနေသူတွေ မရှိတော့တဲ့အခါ တိုးတက်မှုဖြစ်စဉ်တွေဆုတ်ယုတ်ပြီး ၊အမှားအမှန်မသိဘဲ တိုင်းပြည်ဟာ လုံးပါးပါးသွား တတ်ပါတယ်။
-
အစိုးရကို အကြံပြုခြင်တာက ခုအခြေအနေမှာ မြန်မာ့နိုင်ငံရေးဟာ ပါတီနိုင်ငံရေးလို့ ယျေဘူရအားဖြင့်သာ သတ်မှတ်လို့ရပါမယ်။ တကယ့်တကယ်မှာ ငါ့ပါတီမှ ဆိုတာထက် တိုင်းပြည်အမြန်တိုးတက်ဖို့ အတွက် ကိုယ်မဟုတ်တဲ့ပါတီတွေကိုလည်း မဟာမိတ်တော့ ဖွဲ့ထားရပါမယ်။
-
ပါတီအစွဲကြောင့်တိုင်းပြည်အတွကျိုးရှိမဲ့သူတွေ ရီုးသားပီး လုပ်ရည်ကိုင်ရည်ရှိသူတွေကို လက်မလွှတ်ဘဲ ဆွဲစေ့ထားစေခြင်ပါတယ်။နိုင်ငံ့အရေးမှာ NLD ကလွဲလို့  ကျန်တဲ့ နိုင်ငံရေးသမားတွေ တစ်ယောက်မှ မသုံးဘူးလို့  မပစ်ပယ်သင့်ပါ။ ကိုယ့်ဆီမှာ အသုံးမတည့်ရင်တောင် သူ့လူ ပေးမဖြစ်စေခြင်လို့ပါ။
-
အားလုံးကတိုင်းပြည်အတွက် ကိုယ်နိုင်ရာထောင့်က ၀င်ထမ်းခဲ့ကြတဲ့ သူတွေပါ။NLD က ဦးဆောင်သွားပါအားလုံးဘေးကနေ ၀န်းရံပေးပါစေ။ လမ်းတူတဲ့သူတွေကို ဆွဲခေါ်စေခြင်ပါတယ်။
-
တဖက်မှာလည်း - အစစအရာရာ လက်ဦးမှုရယူပြီး အရာရာကို စံနစ်တကျ ကြိုတင်ပြင်ဆင်ထားသော၊ အခွင့်အရေးရသမျှ ထင်သလိုကြဲထားတဲ့ အပင်းသင့်နေသော အကျိုးစီးပွားကို ကာကွယ်ဖို့ ရက်စက် ယုတ်မာဖို့သာ အာဏာရှင် ဘုံရန်သူကိုတော့ ပြတ်သားစွာ စည်းခြားထားရပါမယ်။
-
နိဂုံးချုပ်ရမယ်ဆိုရင် ခုလက်ရှိအစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက် လိုက်သော ပြည်သူ့အစိုးရဖြစ်သည် ဆိုသည်မှာ အဓိက နှလုံးသွင်းရမည့် အချက်ဖြစ်သည်။ သို့သော် ချက်ချင်းလက်ငင်း ကြီး တိုင်းပြည်တိုးတက်သွားအောင်တော့ ဒီမိုကရေစီဥုံဖွဖြင့် ဖန်ဆင်း လိုက်သလိုတော့ ဖြစ်မည်မဟုတ်ပါ။
-
ရာစုတစုနီးနီး နိုင်ငံရေး စနစ်၊ စီးပွားရေးစနစ် မတည် မငြိမ်ဖြင့် ဖြတ်သန်းခဲ့ရသော တိုင်းပြည်ကို တာဝန်ယူရသည့် အစိုးရတစ်ရပ်အနေဖြင့် ပြုပြင် လုပ်ဆောင်စရာများစွာ ရှိနေ သည်ကို -ကိုရွှေရိုးတို့ အပါအ၀င် အားလုံးသဘောပေါက်ဖို့ လိုပါသည်။
-
အချိန်တိုအတွင်း အကောင်အထည် ဖော်ပေးရမည့် ကိစ္စရပ်များ ရှိသည့်နည်းတူ ဒီမိုမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကဏ္ဍများစွာ အပြန် အလှန် ဆက်နွှယ် ပတ်သက်သမျှ အားစိုက်ရမှာတွေလည်းရှိပါသည်။
-
ပြည်သူတွေကတော့ ကိုယ်တင်လိုက်သော ကိုယ့်အစိုးရကို ကိုယ်တွေကိုယ်တိုင်က ၀န်းရံပေးရပါမည်။
ဝ-------------------------ဝ
-
ပြည်ထောင်စုနေ့နှင့် ပါတ်သက်သော မနှစ်က ပို့စ်အဟောင်းတွေ Links
-
https://www.facebook.com/ko.baka.9/media_set…
ပထမပင်လုံ- ဒုတိယပင်လုံ
.
https://www.facebook.com/ko.baka.9/media_set…
ဗိုလ်ချုပ် မြင်သွားရသော မြန်မာ့ လွတ်လပ်ရေး
.
https://www.facebook.com/ko.baka.9/media_set…
ပြည်ထောင်စုနေ့ အစစ်သို့(ဗိုလ်ချုပ် မြင်သွားရသော မြန်မာ့ လွတ်လပ်ရေး-၂)