သခင်နု(သို့မဟုတ်)မုန်တိုင်းထဲက သစ်ရွက်တစ်ရွက် (ဒဂုန်တာရာ)
(၁)သခင်နု - ကျောင်းသား သပိတ်၊ ကျောင်းသားသပိတ် - သခင်နု။
ကျွန်တော့်အဖို့ရာကား သခင်နုနှင့် ၁၉၃၆ ကျောင်းသားသပိတ်သည် ခွဲခွာ၍မရအောင် ဆက်စပ်၍နေသည်။
ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် ၁၉၃၆ ခု ကျောင်းသားသပိတ်သည် မှတ်တိုင် တစ်တိုင်ဖြစ်သည်ဟုထင်သည်။ ၁၉၃၆ ခု ကျောင်းသားသပိတ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအသင်းချုပ်ကြီးကို မွေးဖွားပေးလိုက်သည်။ ကျောင်းသားသမဂ္ဂ၏ကြွေးကြော်သံဝယ် လူထုကြီးသည် မျက်စေ့ကိုပွတ်ကာ ထလိုက်ကြသည်။
ကျွန်ပညာ အလိုမရှိ
သခင်ပညာပေးလော့
ပညာရေး ပြုပြင်ပေး
ကျောင်းသားသမဂ္ဂသည် လူထု၏အသဲစွဲဖြစ်လာသည်။
၁၉၃၆ ခု ကျောင်းသားသပိတ်မှ ပေါ်ပေါက်လာသော ကျောင်းသားများသမဂ္ဂသည် ၁၉၃၈ ခု ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးဝယ် နယ်ချဲ့စနစ်တိုက်ခိုက်ရေးတပ်ဦးသို့ ဘွားကနဲရောက်လာလေပြီ။ သမဂ္ဂသည် အလုပ်သမား၊ လယ်သမားတို့နှင့်အတူလက်တွဲကာ အရင်းရှင်စနစ်ဆန့်ကျင်ရေးအလံတော်ကို လွှင့်ထူခဲ့ကြပေပြီ။
အရင်းရှင်စနစ် ပျက်စီးပါစေ။
မီးတုတ် မီးတုတ် ရှို့ရှို့။
သူပုန် သူပုန် ထထ။
အရေးတော်ပုံ အောင်ပါစေ။
ကျောင်းသားသမဂ္ဂသည် နယ်ချဲ့တိုက်ခိုက်ရေးအင်အားစုကို ရှေ့ဆောင်လာလေပြီ။ ဤ ၁၉၃၈ အထွေထွေသပိတ်အရေးတော်ပုံ၏သားသမီးများဖြစ်ကုန်သော သခင်များ၊ ကျောင်းသားများသည် ဟိုင်နန်ကျွန်းသို့ လျှို့ဝှက်စွာစစ်ပညာသင်သွားပြီး ၁၉၄၁ က အင်္ဂလိပ်မောင်းထုတ်ရေးကို ရှေ့ဆောင်ပြုကြလေပြီ။
၁၉၄၁ - ၁၉၄၅၊ ဖက်ဆစ်မုန်တိုင်းကြီး။
ဤ ဖက်ဆစ်တော်လှန်ရေးကြီးကို ဤ ၁၉၃၆၊ ၁၉၃၈၊ ၁၉၄၁ ခု အရေးတော်ပုံများ၏ တိုးတက်သော အစိတ်အပိုင်းကပင် ပြုခဲ့ပေပြီ။ ဤ ဖက်ဆစ်တော်လှန်ရေးကပင် အမျိုးသားတပ်ပေါင်းချုပ်ကြီးဖြစ်သော ဖဆပလကို မွေးဖွားလိုက်လေပြီ။
ယခုကား လွတ်လပ်ရေးအောင်ပွဲကိုဆင်နွှဲကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ကြေညာခဲ့ပေပြီ။
၁၉၃၆ ကျောင်းသားသပိတ်၏အမှတ်အသား သခင်နု။
၁၉၃၈ အထွေထွေသပိတ်အရေးတော်ပုံ၏အမှတ်အသား သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ။
၁၉၄၁ အင်္ဂလိပ်မောင်းထုတ်ရေးအမှတ်အသား သခင်အောင်ဆန်း။
၁၉၄၅ ဖက်ဆစ်တော်လှန်ရေးအမှတ်အသား သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်း။
၁၉၄၆၊ ၁၉၄၇ ဖဆပလအမှတ်အသား ဗိုလ်ချုပ်အောင်ဆန်း။
ယခု ဖဆပလဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု။
(၂)
၁၉၃၆ ကျောင်းသားသပိတ်။
ကျွန်တော်သည် ကျိုက်လတ် အမျိုးသားကျောင်းတွင် ပညာသင်လျက်ရှိသည်။ သပိတ်မမှောက်ခင်ကပင် သခင်နုအကြောင်းများကို သတင်းစာတွင်ဖတ်ရ၏။ သမဂ္ဂတရားပွဲတစ်ပွဲတွင် သမဂ္ဂဥက္ကဋ္ဌသခင်နုက “ဦးဥတ္တမကြီး ကုလားပြည် ပြန်လော့” ဟု ကြွေးကြော်လိုက်ပုံကိုဖတ်ရသောအခါ သူ၏ရဲရင့်ခြင်းအတွက် တက်ကြွ၍နေခဲ့၏။ နောက် ကျောင်းအုပ်ကြီး မစ္စတာစလောစ်နှင့်သခင်နု အပြန်အလှန်စာပေးသည့်သတင်းများကို ဖတ်ရ၏။ လူငယ်များက သခင်နုကို ချီးကျူးကြသည်။ ဘီအေဘွဲ့ကိုပြန်အပ်ကြောင်းကြားရသောအခါ လက်ခုပ်တီးကာ သြဘာပေးလိုက်ကြသည်။
ဇ၀န၏ ကောလိပ်ကျောင်းသားကိုဖတ်၍ တက္ကသိုလ်ကိုအထင်ကြီးနေစဉ် တက္ကသိုလ်၏ “ငွေလရောင်နှင့်အရိပ်” ဇာတ်လမ်းများကိုအိပ်မက်မက်နေစဉ် သခင်နုက ဘီအေဘွဲ့ကိုပြန်အပ်လိုက်ကြောင်း ကြားရသောအခါ သခင်နုကို နှစ်သက်စွဲလမ်းမိသည်။
ဖေဖော်ဝါရီ (၂၅) ရက်နေ့တွင် တက္ကသိုလ်မှခေါင်းဆောင်၍ သပိတ်မှောက်လိုက်သည့်သတင်းကို ကြားရသောအခါ ရင်တလှပ်လှပ် ဖြစ်လာ၏။ သပိတ်ကြီးကို မော်တော်ကားအမိုးတွင်လှန်တင်ကာ ကားကို တ၀ုန်းဝုန်းထုပြီး “ဘာစီတီ ဘာစီတီ ဘွိုက်ကောက် ဘွိုက်ကောက်” ဟု အော်ကြသောအသံသည် ရန်ကုန်ဘုရားလမ်းမှကျော်ကာ နယ်သို့ တဝေ့ဝေ့ ပဲ့တင်ထင်ရိုက်လာသည်။
ကျွန်တော်တို့ ဆယ်တန်းကျောင်းသားများမှာ စာမေးပွဲနီးကပ်၍ အိမ်တွင် စာကျက်ရန်အခွင့်ပေးထားသော ကျောင်းအားရက်အတွင်းဖြစ်လေရာ သပိတ်သတင်းကိုသာ နားတစွင့်စွင့် ရှိနေကြ၏။
ထိုအခိုက် ဖျာပုံကျောင်းသားများနှင့် ဆက်သွယ်ကြ၏။
တစ်ညနေတွင် ဖျာပုံမှ “ဖျာပုံမှောက်ပြီး။ အဆွေတို့လည်း မှောက်ပါ” ဟူသော သံကြိုးစာကို ရ၏။ ဆယ်တန်း ကျောင်းသားများစုဝေးကာ သပိတ်မှောက်ရန်ဆုံးဖြတ်ကြပြီး သပိတ်မှောက်ကြေညာစာတမ်းကို လက်မှတ်ထိုး၍ ရန်ကုန်သပိတ်စခန်းသို့ ပို့လိုက်ကြ၏။
ထိုညတွင် ကျောင်းသားတစ်ဦး၏အိမ်တွင်မအိပ်ဘဲ တစ်ညလုံး တရုတ်မှင်တောင့်များကိုဖျော်ကာ ကြွေးကြော်သံများကိုရေးပြီး ဈေးဆိုင်များ ကုက္ကိုလ်ပင်များတွင် ကပ်ကြသည်။
သပိတ်မှောက်ပြီ။
ကျွန်ပညာရေးကို မီးရှို့လော့။
စုတ်ချာသောပညာရေးကို အမြန်ပြုပြင်။
နောက်တစ်နေ့တွင် လူများသည် မိုးပေါ်ကကျလာသလို ဗြုန်းကနဲတွေ့ရသော ကြွေးကြော်သံများကို အံ့သြစွာ ဖတ်ကြရသည်။ ရှုတ်ချမည့်သူကား မရှိ။ မြို့မ စုံထောက်သည် ကျောင်းသားများကို လိုက်၍မေးမြန်း၏။
သို့နှင့် သပိတ်သည် တောမီးလောင်သလို တစ်ပြည်လုံးကူးစက်တောက်လောင်၍သွားလေပြီ။
(၃)
သပိတ်မှောက်ခေါင်းဆောင်များသည် အနယ်နယ်သို့ ၀ါဒဖြန့်ဖြူးရေးတရားဟော ထွက်လာကြလေသည်။ ကျွန်တော်တို့မြို့ကိုကား သခင်နု၊ သခင်ဗိုလ် (ဂျပန်ခေတ်က ကွန်မြူနစ်ပြောက်ကျားကိုယ်စားလှယ်၊ လေယာဉ်ပျံပျက်ကျ၍ဆုံးသူ)၊ ကိုထွန်းတင် (ယခု ဗိုလ်မှူးထွန်းတင်) တို့ လာကြသည်။ ကွယ်လွန်သူ ဖေဘီယံအဖွဲ့ဝင် သတင်းစာဆရာဦးဘခိုင်လည်း သခင်နုတို့နှင့်အတူ ပါလာသည်။
သတင်းစာထဲမှ မျက်နှာမဲစာလုံးများဖြင့် ကော်လံဦးမှဖော်ပြသော သခင်နု၏ဓာတ်ပုံရိပ်ကို ယခု ကိုယ်တိုင်တွေ့ရပေပြီ။ သင်္ဘောဆိပ်မှဆင်းလာပြီး သင်္ဘောဆိပ်အနီး ကျွန်တော်တို့အိမ်တွင် ခေတ္တနားသည်။
အိမ်တွင် လဘက်ရည်ပွဲဖြင့်တည်ခင်းကာ သခင်နုကို မြို့ပေါ်ရှိလူများနှင့် မိတ်ဖွဲ့ပေးသည်။ အမျိုးသား ကျောင်းအုပ်ကြီးနှင့်သခင်နုမှာ ဖော်ရွေပြုံးရယ်ကာ စကားပြောနေကြသည်။
သခင်နုသည် မီးခိုးရောင်သက္ကလပ်အပေါ်ဖုံး၊ အစိမ်းရင့်မန္တလေးလုံချည်ကို သပ်ရပ်စွာဝတ်ထားသည်။ ဆံပင်၏ အတွန့်အလိပ်များမှာ လှိုင်းထလျက် ရှိသည်။ သူ၏ မျက်နှာမှာ ကြည်လင်၍ ဖြူစင်ခြင်းလက္ခဏာသည် တောက်ပ၍နေသည်။
အထူးခြားအပေါ်လွင်ဆုံးကား တဖိတ်ဖိတ်ရွှန်းမြသောမျက်လုံးများ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ကောင်းကင်ပြာမှကြယ်ပွင့်ကဲ့သို့ ချစ်ဖွယ်ကောင်းသည်။ ပရိတ်သတ်ကို ဆွဲငင် စွဲလန်းအောင်လုပ်သော စိတ်တန်ခိုးနဂါးငွေ့များသည် ဤကြယ်ပွင့်မှ ဖိတ်ကျရစ်သန်းလျက် ရှိပေသည်။
သခင်နုသည် လဘက်ရည်စားပွဲတွင်စကားပြောနေရာမှ ဧည့်ခန်းထောင့်ရှိစန္ဒယားကို သွားမြင်၍ “သြ စန္ဒယားနဲ့ပါလား၊ ဘယ်သူတီးသလဲ” ဟု ပြုံးကာမေးသည်။ သူသည် လူ့ဘ၀၏လူမှုရေးရာမြောက်မြားစွာထဲတွင် သီချင်းဂီတကိုလည်း မမေ့ပေ။
သခင်နုသည် ကျိုက်လတ်တွင် နှစ်ရက်ခန့်နေစဉ် ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးအား သွားရောက် ကန်တော့သေးသည်။ တစ်နေ့လုံးအချိန်ယူ၍ ကုသိနာရုံ စသော ဘုရားပုထိုးများကို လှည့်လည်ဖူးမြှော်သည်။ ကျွန်တော်တို့ ကျောင်းသားတတွေကား သူ၏နောက်မှ တကောက်ကောက်လိုက်၍ နေကြသည်။
တိလောကမာရဇိန်ဘုရားအထွက်တွင် အ၀တ်အစားစုတ်စုတ်နွမ်းနွမ်းနှင့်လူတစ်ယောက်ကို သခင်နုက နှုတ်ဆက်စကားပြောသည်ကို တွေ့ရသည်။ သူသည် ပြုံးရယ်ကာ ဖော်ရွေစွာနှုတ်ဆက်ပြောဆိုသည်။ ကျွန်တော်တို့စိတ်ထဲတွင်ကား သူ၏ မေတ္တာဓာတ်ကို ချီးမွမ်း၍နေမိသည်။
သပိတ်လှန်ကာနီး ဂျူဗလီဟောလ်တွင်ကျင်းပသော ပထမနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံသို့ တက်ရောက်သောအခါ ကျောင်းသားများ၏ပါးစပ်ဖျား၌ “ကိုကြီးနု” ဟူသောအသံသည် ဒေါင့်နေရာတိုင်းတွင် ကျူးရင့် မြည်ဟီးလျက်ရှိသည်ကို ကြားရလေသည်။
(၄)
အမှန်အားဖြင့် ကျွန်တော်သည် သခင်နုနှင့် တစ်ခါမှလက်ပွန်းတတီး မနေခဲ့ရဘူးပေ။ ကျွန်တော် တက္ကသိုလ်သမဂ္ဂတွင်ရှိသောအခါ သခင်နုသည် တို့ဗမာအစည်းအရုံးတွင်ရောက်နေပေပြီ။ သို့သော် နိုင်ငံရေးရာ၊ စာပေရေးရာတို့တွင် သခင်နု၏ပုံကားချပ် တစေ့တစောင်းကလေးများကား ရံဖန်ရံခါဆိုသလိုပင် ဆုံတွေ့နေရပေသည်။
တစ်ခါက ကိုအောင်ဆန်းဥက္ကဋ္ဌ ဖြစ်သောနှစ်၊ သမဂ္ဂက ဒေါက်တာဘမော်၏ တက္ကသိုလ်ပြင်ဆင်ရေးဥပဒေကြမ်းကိုပယ်သည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားအချို့မကျေနပ်၍ အယုံအကြည်မရှိအဆို တင်သွင်းရန် စိုင်းပြင်းလျက် ရှိ၏။ သမဂ္ဂက လူထုအစည်းအဝေးကို ခေါ်ပေးရ၏။
သမဂ္ဂစည်းမျဉ်းတွင် ပါတီနိုင်ငံရေး၌မစွက်ဖက်ရဟူသောစာပိုဒ်ပါရှိရာ ထိုစာပိုဒ်ကိုကိုးကား၍ အတိုက်အခံဘက်က ဆူပူလျက်ရှိသည်။ ကျောင်းသားများမှာ အတိုက်အခံဘက်သို့ယိမ်းလျက်ရှိရာ လက်ရှိ သမဂ္ဂအမှုဆောင်များ၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်နေသည်။
သို့သော် လူထုအစည်းအဝေးပွဲတွင် သခင်နုကို စကားပြောခွင့်ပေးလေသည်။ ကိုအောင်ဆန်းတို့က သခင်နုကို တို့ဗမာအစည်းအရုံးမှ ခေါ်လာရသည်။ သခင်နု ထ စကားပြောသောအခါ ဝေါဝေါအော်နေသော ပရိသတ်သည် ငြိမ်သက်သွားလေသည်။
သခင်နု၏ သတ္ထုသံပါသောအသံသည် ခန်းမကြီးတစ်ခုလုံးတွင် တလွင်လွင် ပြည့်လျက်ရှိသည်။ သတ္ထုသံသည် တစ်ဒေါင့်မှတစ်ဒေါင့်သို့ ဝေ့ရိုက်လျက်ရှိသည်။ သူ၏ ကုလား-ဗမာအဓိကရုဏ်းအတွက် စိတ်ထိခိုက်ပုံကို စပြောသောအခါ ပရိသတ်သည်လည်း သူနှင့်အတူလိုက်၍ စိတ်ထိခိုက်နေပုံရသည်။
နောက် အဓိကရုဏ်းအတွင်း ညွန့်ပေါင်းအစိုးရတာဝန်မကျေပုံမှစပြီး လက်ရှိ သမဂ္ဂအမှုဆောင်၏ ကိုယ်ရေးကိုယ်တာကိုစွန့်ကာဆောင်ရွက်ကြပုံကို ချီးကျူးပြောသည်။ ပရိသတ်ကား သခင်နုခေါ်ရာသို့ လိုက်ပါကြလေပြီ။ နောက်ဆုံး မဲခွဲသောအခါ သမဂ္ဂ အပြတ်အသတ်အနိုင်ရလေသည်။
သည်ကတည်းက ကျွန်တော်သည် သခင်နု၏ဆွဲငင်နိုင်သော သံလိုက်ဓာတ်ကို ယုံကြည်မိသည်။
သခင်နု၏ တစေ့တစောင်းကားချပ်များထဲတွင် စကော့ဈေးနားရှိ နဂါးနီစာအုပ်တိုက်သည် နောက်ခံကားအဖြစ် ပေါ်လာတတ်ပေသည်။ လက်နှိပ်စက်ရိုက်သံ၊ သခင်စိုး၊ သခင်သန်းထွန်းတို့နှင့်အတူ သခင်နုကိုစာအုပ်များကြားထဲမှ တွေ့မြင်ရတတ်သည်။ သူတို့သည် နဂါးနီစာအုပ်အသင်းကို စတင်တည်ထောင်သူများ ဖြစ်ကြသည်။
၁၉၃၉ ခုက ကျွန်တော်သည် သခင်ထိန်ဝင်းနှင့်ကိုဗဆွေတို့၏တိုက်တွန်းချက်အရ ဖိလစ်ပိုင်မျိုးချစ် ဒေါက်တာဂျိုဆေရီဇာ ရေးသားခဲ့သော (အထိမခံ) ၀တ္ထုကြီးကို ဘာသာပြန်ခဲ့ရာ ပြီးဆုံး၍ စကော့ဈေးရှိနဂါးနီတိုက်သို့ သွားပေးသည်။ (ထိုစာမျက်နှာ ၃၀၀ ရှိ ဘာသာပြန်လက်ရေးမူမှာ ဂျပန်အတက် သခင်ဗိုလ်၏အိမ် မီးလောင်ရာတွင် ပါသွားပြီ)
နဂါးနီအခန်းတွင် သခင်နုကို တွေ့ရသည်။ ကျွန်တော်သည် စာအုပ်ဘီဒိုထဲရှိ ရောင်းသောစာအုပ်များကိုကြည့်ရှူနေရာ သခင်နုသည် အပါးတွင်လာရပ်၍ “အခု ဘာစာအုပ်တွေ ဖတ်နေသလဲ။ ဒါတွေ ဖတ်ကြည့်ပါလား” ဟု ပြောကာ ဘီဒိုထဲရှိ လက်ဝဲစာအုပ်အသင်းမှ ကွန်မြူနစ်စာပေများကို လက်ညှိုးထိုးပြသည်။ ကျွန်တော်လည်း သူညွှန်ပြသော လီနင်စာပေစဉ်မှ မာ့စ်စာပေစာအုပ် နှစ်အုပ်ကိုဝယ်ခဲ့သည်။ သည်ကစ၍ မာ့စ်ဝါဒနှင့်ပတ်သက်သော စာအုပ်များကို ပထမအကြိမ် ဖတ်ဖူးလေသည်။
(၅)
နဂါးနီစာအုပ်တိုက်မှ သခင်စိုး၏ “ဆိုရှယ်လစ်ဝါဒ”ကျမ်းသည် ဗမာပြည်တွင် ကွန်မြူနစ်ဝါဒမျိုးစေ့တစ်စေ့ ဖြစ်ပေ၏။ သခင်နုသည်လည်း ကွန်မြူနစ်ဝါဒခေတ်စားလာအောင်လုပ်သူတစ်ဦး ဖြစ်ခဲ့၏။ သူ၏ ဆောင်းပါးများကို နဂါးနီသတင်းစဉ်တွင် ဖတ်ရ၏။
သူ၏ “ခေတ်မီပြဇာတ်များ” ကိုကား အတော်ကို စွဲလမ်းခဲ့၏။ လူ့အထုပ္ပတ္တိ လူ့ဇာတ်ကိုသရုပ်ဖော်ပြသော လူ့ဘ၀ကြေးမုံများဖြစ်၏။ ပြဇာတ်ထဲရှိ ပြောသောစကားများမှာ တကယ့်လူဆန်၏။ မြေကြီးနှင့် နီးကပ်၏။
“မယားဆိုးလင်” နှင့် “လင်ဆိုးမယား” မှာ သဘာဝကျလှ၏။ မယားဆိုးလင်ထဲရှိ မိန်းမကြီး၏လေသံမှာ ဖတ်နေရင်း နားထဲတွင်စူးဝင်လာ၏။ ဖောင်သမားတစ်ဦး၏မယား လင်ငယ်နေပုံ ပြဇာတ်တစ်ခုမှာ လွမ်းစရာလည်းကောင်း၏။ သံဝေဂရဖွယ်လည်း ကောင်း၏။ “နောင်တော်ချွတ်ခန်း” ပြဇာတ်ကား ထိုအခါက သခင်နု၏ လူကျင့်တရားနှင့် နိုင်ငံရေးအမြင်ကိုဖွင့်ဟလိုက်ခြင်းဟု ထင်သည်။
လူမွဲတို့၏ထွက်ရပ်လမ်း၊ လူပေါ်လူဇော် စသော ဘာသာပြန်စာအုပ်ကြီးများလည်း ရေးခဲ့သေး၏။ လူပေါ်လူဇော်မှာ အထူးသဖြင့် ကုန်သည်များအဖို့အသုံးဝင်လှ၏။ ဂျပန်ခေတ်ကလည်း သူ၏ “ပုတုဇ္ဇနော ဥမ္မတကော” မှာ ကြွ၍ ဖျတ်လတ်၏။ “နွားသိုး ကြိုးပြတ်” ကား လိင်ပြဿနာကို မကွယ်မထောက် ပြောပြထား၏။ သူသည် လူများကို အိမ်ထောင်မှု၊ လိင်မှု စသည်တို့ကိုနားလည်စေချင်၏။
ယခုခေတ်တွင်ထွက်သော “မာ့(ခ်)ဆဇ္ဇင်း(မ်) ကိုကား နာမများ အမှတ်ရခက်သဖြင့် မဖတ်ဖြစ်ခဲ့ပေ။ “ငါးနှစ်ရာသီ ဗမာပြည်” မှာ ဖွင့်ဟ၀န်ခံချက်များ ဖြစ်ပေသည်။
သူ၏ “ရက်စက်ပါပေ့ကွယ်” ၀တ္ထုကိုကား အကြိုက်ဆုံးပင်။ ယခုခေတ် စာပေလောကတွင် ထူးခြားသောရတနာ တစ်ခုပင် ဖြစ်၏။ ပထမ အရင်းရှင်စနစ်၏စာရိတ္တများကိုဖော်ကာ ၀တ္ထုကိုဖွင့်လိုက်၏။ (သို့သော် ဖော်ပုံမှာအကြမ်းပြေး နိုင်သည်ဟု ထင်၏။) နောက် တဖြည်းဖြည်း တောင်ကိုတက်ရဘိသကဲ့သို့ မြင့်၍ မြင့်၍လာ၏။ မြင့်လာလေ မြေကြီးရှိ လှုပ်လှုပ်ရွရွသနစ်တွေကို မြင်လာ၏။ အကျဉ်းသားဘ၀ကို မီးမောင်းထိုးပြသည်မှာ ပေါ်လွင်လှ၏။ ဖတ်ရင်း ဆင်းရဲပင်ပန်းလာ၏။ ပင်ပန်းလာ၏ နောက်ဆုံးသောအခါမှ သက်ပြင်းကို ရှူထုတ်နိုင်တော့၏။ ဆုံးသည်အထိ သိမ်မွေ့လှပစွာ ခေါ်ဆောင်သွားပေ၏။
စင်စစ်အားဖြင့် ဤ၀တ္ထုသည် ရာဇ၀တ်မှုပပျောက်ရေးကိုရည်ညွှန်းထားသော ပြုပြင်ရေးဝတ္ထုဖြစ်၏။ အကျဉ်းထောင်၏ဒုက္ခကို အရိပ်ထင်ပြထား၏။
ဂျပန်ခေတ်က ကိုဗဟိန်း၏ နိုင်ငံခြားရေးအတွင်းဝန်ရုံးခန်းတွင် လက်နှိပ်စက်ဖြင့်ရိုက်ထားသော“ညချမ်းချိန်ခါဝယ်” ပြဇာတ်ကို ဖတ်ခဲ့ဖူးသည်။ သခင်နုတွင် မရိုက်ထုတ်ရသေးသော ပြဇာတ်၊ ၀တ္ထုများရှိသေးသည်ဟု သိရ၏။ ဘယ်တော့မှ ထုတ်မည်မသိ။
သခင်နုကား ပြဇာတ်၊ ဘာသာပြန်ကျမ်း၊ ၀တ္ထုများကိုရေးခဲ့ရာ စာရေးဆရာတစ်ဦးဟု ဆိုလောက်ပေသည်။
(၆)
လူအဖြစ်ကား သူသည် ကျယ်ဝန်းများပြားသော လူ့ဘ၀၏ အသွေးအသားတို့ကို ထိတွေ့ဆုံမိသူဖြစ်၏။ လူ့ဘ၀သည်ကား သွေးသားတို့၏အရာအားဖြင့်သာပြွမ်းတီးသည် ဖြစ်ကုန်၏။ သည်အထဲမှ တစ်ယောက်တလေသာထူးချွန်၍ သွေးသားထဲမှရုန်းထွက်ကာ ဟိမ၀န္တာတောသို့သွားပြီး ဘုရားဖြစ်ရန် ကျင့်၏။ တစ်ခုတည်းသော ရည်မှန်းချက်ကိုတမ်းတပြီး သဲသဲမဲမဲလုပ်သူ၊ သခင်အောင်ဆန်းသည်လည်း နိုင်ငံရေးတစ်ခုတည်းကိုသာစွဲပြီး ဒိုင်နမိုစက်လို မရပ်မနား ရှေ့သို့တိုးကာအတင်းလုပ်သူ ဖြစ်၏။
သည်နေရာ၌ သခင်အောင်ဆန်းနှင့်သခင်နုမှာ မတူဟုထင်သည်။ အောင်ဆန်းမှာ တစ်နေ့လုံး နေပူကြီးထဲတွင် တကုတ်ကုတ် နိုင်ငံရေးတိုက်ပွဲများကိုလုပ်ပြီးနောက် ညတွင် နိုင်ငံရေးနှင့်ပတ်သက်သော ထမင်းလုံးတစ္ဆေအိပ်မက်များနှင့်နပန်းလုံးခိုက် သခင်နုကား နိုင်ငံရေးမှအားလပ်သည့်အခါ နိုင်ငံရေးဖိုင်တွဲကြီးကိုခေါင်းအုံးရင်း ရေဒီယိုမှ မေရှင်၏ “မြပန်းဝတ်ကြည်” တေးသံလေးတွင် ငြိမ့်၍နေချင်ပေမည်။ ဒါမှမဟုတ် ကဗျာ တေးတစ်ပုဒ် ကာရန်တစ်ခုကို စိတ်ကူးချင်ကူးနေပေမည်။
လူ့ဘ၀တွင် အရေးကြီးဆုံး အရေး (၃) ခုကား အစာအာဟာရ၊ အ၀တ်အိုးအိမ်၊ လိင်ကိစ္စ ဖြစ်သည်ဟုဆိုသည်မှာ ဟုတ်သည်။ စင်စစ် နိုင်ငံရေးဆိုတာလဲ ဒါပဲ ဖြစ်၏။ အောင်ဆန်းလိုလူကား တစ်ခါက လိင်ကိစ္စကို နောက်ထားချင်ထားခဲ့ပေမည်။ ဒါတွေအားလုံး၏ ပြွမ်းတီးရောယှက်မှုအထွေထွေကို မပယ်နိုင်သည်ကိုတွေ့မြင်၍ ပုတုဇ္ဇနောဥမ္မတကော ဟု ကျူးရင့်ကြပေမည်။ သခင်နုသည်လည်း ပုတုဇ္ဇနောဥမ္မတကောသဘောကို တွေ့မြင်ပေသည်။ တစ်ခါက ဂျပန်ခေတ်တွင် ကုက္ကိုင်းရှိ သခင်နု၏နိုင်ငံခြားရေးဝန်ကြီးအိမ်တွင်နေသော သခင်ဗဟိန်းထံသို့သွားလည်၏။
သခင်ဗဟိန်းဇနီး မခင်ကြီး၏မှန်တင်ခုံတွင် သခင်နုငယ်စဉ်ကဓာတ်ပုံကို ယိုးဒယားပန်းတွန့်မှန်ဘောင်နှင့် အလှတင်ထားသည်ကို တွေ့ရသည်။
ရုပ်ပုံလွှာ၏ကျောတွင် “ရီနဲ့မောင်နု” ဟု လက်မှတ်ထိုးထားသည်ကို ဖတ်ရ၏။ သခင်ဗဟိန်းကား သခင်နု၏ ကလေးကိုပွေ့ချီရင်း ကျွန်တော့်အား ပြုံး၍ကြည့်ကာ “မမရီကို ပေးတဲ့ပုံပေါ့ဗျ” ဟု ပြောလေသည်။
သခင်နုဧည့်ခန်းကား စန္ဒယားသံဖြင့် ငြိမ့်နေတတ်၏။ သူ၏ ၀င်းထဲတွင် ဦးဥာဏ၊ မောင်ထင်တို့ကို ဗမာသစ် ပြဇာတ်အတွက် သက်သက်ခေါ်ထားသည်ကို တွေ့ရ၏။ အဓိပတိရုံးခန်းတွင် ဒေါက်တာဘမော်နှင့် ပြဇာတ်အကြောင်း၊ စာပေအကြောင်း နှစ်နှစ်ခြိုက်ခြိုက်ဆွေးနွေးပြောဆိုနေသည်ကို မကြာခဏ တစေ့တစောင်းတွေ့ခဲ့ရဖူး၏။
ဂီတ၊ ပြဇာတ် စသော ယဉ်ကျေးမှု၊ လူ့ဘ၀ရေးရာတို့တွင်ခံစားမှု၌ သခင်အောင်ဆန်းနှင့်မတူသော်လည်း နယ်ချဲ့စနစ်မှလွတ်မြောက်ရေးကိုကား အတူယုံကြည်ကြ၏။ ထို့ကြောင့်ပင် သခင်အောင်ဆန်း အစိုးရအဖွဲ့ထဲ ၀င်သောအခါ သခင်နုကိုခေါ်ကာ ဖဆပလ ဒုတိယဥက္ကဋ္ဌ နေရာကို ခေါ်ပေးခဲ့ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသည့်ညက သခင်နုခေါင်းဆောင်၍ အစိုးရအဖွဲ့သစ် ဖွဲ့သည်ဟုသိရသောအခါ အနည်းငယ် စိတ်သက်သာရာရမိသည်။ တစ်ပါတီကဦးစီး၍ တစ်ပါတီအစိုးရတက်လျှင် အာဏာရှင်ဆန်သွားပေမည်။ ပါတီများကမပယ်နိုင်သော ကြားနေသူတစ်ယောက်လည်း ဖြစ်သည်။ တစ်ခါကလည်း “ကွန်မြူနစ်ဝါဒ အောင်မြင်ပါစေ” ဟု ကြွေးကြော်ခဲ့သည်။
မုန်တိုင်းတိုက်သော်
လွင့်ဝိုက်လေပါ
ဝေ့လည်ချာနှင့်
မျောကာ သစ်ရွက် တစ်ရွက်တည်း။
သခင်နု၏ဘ၀ကိုရှူကြည့်ရင်း အဆုံးမသတ်သောကဗျာလေးကို ရေးစပ်မိ၏။ သစ်ရွက်တစ်ရွက်ကား မုန်တိုင်းတွေ ပြင်းထန်စွာတိုက်သည့်ကြားထဲမှာပင် လွင့်ပျောက်၍မသွားဘဲ ချာလည် ချာလည်နှင့် ဝေ့ကာမျောနေသည်။
အင်္ဂလိပ်ကိုမောင်းထုတ်သည့် ဘီအိုင်အေစစ်တပ်ချီလာစဉ် သခင်နုမှာ ထောင်ထဲတွင်ရောက်နေ၏။ ဂျပန်ခေတ်က ဖက်ဆစ်ဆန့်ကျင်ရေး မြေအောင်းလုပ်ငန်းများလုပ်နေစဉ် သခင်နုသည် ပြဇာတ်ကိုလုံးပမ်းလျက် ရှိနေသည်။ ကွန်မြူနစ်ခေါင်းဆောင်သခင်ဗဟိန်းသည် သခင်နုအိမ်မှပင် မြေလျှိုးသွားခဲ့၏။ နောက် ဂျပန်အပြေးဝယ် သူသည် အဓိပတိနှင့်အတူ မုဒုံသို့ပါသွား၏။
၁၉၃၆ သပိတ် စသော လှုပ်ရှားမှုများတွင် သူသည် ခေါင်းဆောင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ပုန်ကန်ထကြွသည့် အရေးတော်ပုံများတွင်ကား သူသည် မုန်တိုင်းထဲတွင် မျော၍နေပေသည်။
ပြန်လည်ထူထောင်ရေးခေတ်တွင် သခင်နုသည် ၀န်ကြီးချုပ်ဖြစ်နေ၏။ လူမှုရေးရာကို လျစ်လျူမရှု၊ တေးသီချင်း၊ ပြဇာတ်၊ စာပေ စသည့် ယဉ်ကျေးမှုများကို မမေ့၊ မျှမျှတတနှင့် အလယ်ကနေ၏။
သူ၏ နိုင်ငံရေးအမြင်ကား ခေတ်မီချင်မှမီပေမည်။ သူ၏ နိုင်ငံရေးလုပ်ငန်းစဉ်ကား ခေတ်ပြောင်းတော် လှန်ရေးမဟုတ်ဘဲ ပျော့ချင်ပျော့ပေမည်။ ကျွန်တော် မသိပေ။ ယခုစာသည် နု-အက်တလီစာချုပ်ကို ဝေဖန်ခြင်းမဟုတ်။ လူအဖြစ် သူ၏ဘ၀ကို တစေ့တစောင်းကြည့်ရှူခြင်းသာ ဖြစ်ပေသည်။
သူ့ဘ၀နှင့်ယှဉ်လျှင် မဆုံးသောကဗျာကိုပင် ထပ်၍ ဆိုပြချင်ပေသည်။
မုန်တိုင်းတိုက်သော်
လွင့်ဝိုက်လေပါ
ဝေ့လည်ချာနှင့်
မျောကာ သစ်ရွက် တစ်ရွက်တည်း။
ဒဂုန်တာရာ( ရုပ်ပုံလွှာ)
No comments:
Post a Comment