U NU OF BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.
Monday, September 9, 2013
Sunday, September 8, 2013
သခင်နု(သို့မဟုတ်)မုန်တိုင်းထဲက သစ်ရွက်တစ်ရွက် (ဒဂုန်တာရာ)
(၁)သခင်နု - ကျောင်းသား သပိတ်၊ ကျောင်းသားသပိတ် - သခင်နု။
ကျွန်တော့်အဖို့ရာကား သခင်နုနှင့် ၁၉၃၆ ကျောင်းသားသပိတ်သည် ခွဲခွာ၍မရအောင် ဆက်စပ်၍နေသည်။
ဗမာပြည်နိုင်ငံရေးရာဇ၀င်တွင် ၁၉၃၆ ခု ကျောင်းသားသပိတ်သည် မှတ်တိုင် တစ်တိုင်ဖြစ်သည်ဟုထင်သည်။ ၁၉၃၆ ခု ကျောင်းသားသပိတ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအသင်းချုပ်ကြီးကို မွေးဖွားပေးလိုက်သည်။ ကျောင်းသားသမဂ္ဂ၏ကြွေးကြော်သံဝယ် လူထုကြီးသည် မျက်စေ့ကိုပွတ်ကာ ထလိုက်ကြသည်။
ကျွန်ပညာ အလိုမရှိ
သခင်ပညာပေးလော့
ပညာရေး ပြုပြင်ပေး
ကျောင်းသားသမဂ္ဂသည် လူထု၏အသဲစွဲဖြစ်လာသည်။
၁၉၃၆ ခု ကျောင်းသားသပိတ်မှ ပေါ်ပေါက်လာသော ကျောင်းသားများသမဂ္ဂသည် ၁၉၃၈ ခု ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးဝယ် နယ်ချဲ့စနစ်တိုက်ခိုက်ရေးတပ်ဦးသို့ ဘွားကနဲရောက်လာလေပြီ။ သမဂ္ဂသည် အလုပ်သမား၊ လယ်သမားတို့နှင့်အတူလက်တွဲကာ အရင်းရှင်စနစ်ဆန့်ကျင်ရေးအလံတော်ကို လွှင့်ထူခဲ့ကြပေပြီ။
အရင်းရှင်စနစ် ပျက်စီးပါစေ။
မီးတုတ် မီးတုတ် ရှို့ရှို့။
သူပုန် သူပုန် ထထ။
အရေးတော်ပုံ အောင်ပါစေ။
ကျောင်းသားသမဂ္ဂသည် နယ်ချဲ့တိုက်ခိုက်ရေးအင်အားစုကို ရှေ့ဆောင်လာလေပြီ။ ဤ ၁၉၃၈ အထွေထွေသပိတ်အရေးတော်ပုံ၏သားသမီးများဖြစ်ကုန်သော သခင်များ၊ ကျောင်းသားများသည် ဟိုင်နန်ကျွန်းသို့ လျှို့ဝှက်စွာစစ်ပညာသင်သွားပြီး ၁၉၄၁ က အင်္ဂလိပ်မောင်းထုတ်ရေးကို ရှေ့ဆောင်ပြုကြလေပြီ။
၁၉၄၁ - ၁၉၄၅၊ ဖက်ဆစ်မုန်တိုင်းကြီး။
ဤ ဖက်ဆစ်တော်လှန်ရေးကြီးကို ဤ ၁၉၃၆၊ ၁၉၃၈၊ ၁၉၄၁ ခု အရေးတော်ပုံများ၏ တိုးတက်သော အစိတ်အပိုင်းကပင် ပြုခဲ့ပေပြီ။ ဤ ဖက်ဆစ်တော်လှန်ရေးကပင် အမျိုးသားတပ်ပေါင်းချုပ်ကြီးဖြစ်သော ဖဆပလကို မွေးဖွားလိုက်လေပြီ။
ယခုကား လွတ်လပ်ရေးအောင်ပွဲကိုဆင်နွှဲကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ကြေညာခဲ့ပေပြီ။
၁၉၃၆ ကျောင်းသားသပိတ်၏အမှတ်အသား သခင်နု။
၁၉၃၈ အထွေထွေသပိတ်အရေးတော်ပုံ၏အမှတ်အသား သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ။
၁၉၄၁ အင်္ဂလိပ်မောင်းထုတ်ရေးအမှတ်အသား သခင်အောင်ဆန်း။
၁၉၄၅ ဖက်ဆစ်တော်လှန်ရေးအမှတ်အသား သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်း။
၁၉၄၆၊ ၁၉၄၇ ဖဆပလအမှတ်အသား ဗိုလ်ချုပ်အောင်ဆန်း။
ယခု ဖဆပလဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု။
(၂)
၁၉၃၆ ကျောင်းသားသပိတ်။
ကျွန်တော်သည် ကျိုက်လတ် အမျိုးသားကျောင်းတွင် ပညာသင်လျက်ရှိသည်။ သပိတ်မမှောက်ခင်ကပင် သခင်နုအကြောင်းများကို သတင်းစာတွင်ဖတ်ရ၏။ သမဂ္ဂတရားပွဲတစ်ပွဲတွင် သမဂ္ဂဥက္ကဋ္ဌသခင်နုက “ဦးဥတ္တမကြီး ကုလားပြည် ပြန်လော့” ဟု ကြွေးကြော်လိုက်ပုံကိုဖတ်ရသောအခါ သူ၏ရဲရင့်ခြင်းအတွက် တက်ကြွ၍နေခဲ့၏။ နောက် ကျောင်းအုပ်ကြီး မစ္စတာစလောစ်နှင့်သခင်နု အပြန်အလှန်စာပေးသည့်သတင်းများကို ဖတ်ရ၏။ လူငယ်များက သခင်နုကို ချီးကျူးကြသည်။ ဘီအေဘွဲ့ကိုပြန်အပ်ကြောင်းကြားရသောအခါ လက်ခုပ်တီးကာ သြဘာပေးလိုက်ကြသည်။
ဇ၀န၏ ကောလိပ်ကျောင်းသားကိုဖတ်၍ တက္ကသိုလ်ကိုအထင်ကြီးနေစဉ် တက္ကသိုလ်၏ “ငွေလရောင်နှင့်အရိပ်” ဇာတ်လမ်းများကိုအိပ်မက်မက်နေစဉ် သခင်နုက ဘီအေဘွဲ့ကိုပြန်အပ်လိုက်ကြောင်း ကြားရသောအခါ သခင်နုကို နှစ်သက်စွဲလမ်းမိသည်။
ဖေဖော်ဝါရီ (၂၅) ရက်နေ့တွင် တက္ကသိုလ်မှခေါင်းဆောင်၍ သပိတ်မှောက်လိုက်သည့်သတင်းကို ကြားရသောအခါ ရင်တလှပ်လှပ် ဖြစ်လာ၏။ သပိတ်ကြီးကို မော်တော်ကားအမိုးတွင်လှန်တင်ကာ ကားကို တ၀ုန်းဝုန်းထုပြီး “ဘာစီတီ ဘာစီတီ ဘွိုက်ကောက် ဘွိုက်ကောက်” ဟု အော်ကြသောအသံသည် ရန်ကုန်ဘုရားလမ်းမှကျော်ကာ နယ်သို့ တဝေ့ဝေ့ ပဲ့တင်ထင်ရိုက်လာသည်။
ကျွန်တော်တို့ ဆယ်တန်းကျောင်းသားများမှာ စာမေးပွဲနီးကပ်၍ အိမ်တွင် စာကျက်ရန်အခွင့်ပေးထားသော ကျောင်းအားရက်အတွင်းဖြစ်လေရာ သပိတ်သတင်းကိုသာ နားတစွင့်စွင့် ရှိနေကြ၏။
ထိုအခိုက် ဖျာပုံကျောင်းသားများနှင့် ဆက်သွယ်ကြ၏။
တစ်ညနေတွင် ဖျာပုံမှ “ဖျာပုံမှောက်ပြီး။ အဆွေတို့လည်း မှောက်ပါ” ဟူသော သံကြိုးစာကို ရ၏။ ဆယ်တန်း ကျောင်းသားများစုဝေးကာ သပိတ်မှောက်ရန်ဆုံးဖြတ်ကြပြီး သပိတ်မှောက်ကြေညာစာတမ်းကို လက်မှတ်ထိုး၍ ရန်ကုန်သပိတ်စခန်းသို့ ပို့လိုက်ကြ၏။
ထိုညတွင် ကျောင်းသားတစ်ဦး၏အိမ်တွင်မအိပ်ဘဲ တစ်ညလုံး တရုတ်မှင်တောင့်များကိုဖျော်ကာ ကြွေးကြော်သံများကိုရေးပြီး ဈေးဆိုင်များ ကုက္ကိုလ်ပင်များတွင် ကပ်ကြသည်။
သပိတ်မှောက်ပြီ။
ကျွန်ပညာရေးကို မီးရှို့လော့။
စုတ်ချာသောပညာရေးကို အမြန်ပြုပြင်။
နောက်တစ်နေ့တွင် လူများသည် မိုးပေါ်ကကျလာသလို ဗြုန်းကနဲတွေ့ရသော ကြွေးကြော်သံများကို အံ့သြစွာ ဖတ်ကြရသည်။ ရှုတ်ချမည့်သူကား မရှိ။ မြို့မ စုံထောက်သည် ကျောင်းသားများကို လိုက်၍မေးမြန်း၏။
သို့နှင့် သပိတ်သည် တောမီးလောင်သလို တစ်ပြည်လုံးကူးစက်တောက်လောင်၍သွားလေပြီ။
(၃)
သပိတ်မှောက်ခေါင်းဆောင်များသည် အနယ်နယ်သို့ ၀ါဒဖြန့်ဖြူးရေးတရားဟော ထွက်လာကြလေသည်။ ကျွန်တော်တို့မြို့ကိုကား သခင်နု၊ သခင်ဗိုလ် (ဂျပန်ခေတ်က ကွန်မြူနစ်ပြောက်ကျားကိုယ်စားလှယ်၊ လေယာဉ်ပျံပျက်ကျ၍ဆုံးသူ)၊ ကိုထွန်းတင် (ယခု ဗိုလ်မှူးထွန်းတင်) တို့ လာကြသည်။ ကွယ်လွန်သူ ဖေဘီယံအဖွဲ့ဝင် သတင်းစာဆရာဦးဘခိုင်လည်း သခင်နုတို့နှင့်အတူ ပါလာသည်။
သတင်းစာထဲမှ မျက်နှာမဲစာလုံးများဖြင့် ကော်လံဦးမှဖော်ပြသော သခင်နု၏ဓာတ်ပုံရိပ်ကို ယခု ကိုယ်တိုင်တွေ့ရပေပြီ။ သင်္ဘောဆိပ်မှဆင်းလာပြီး သင်္ဘောဆိပ်အနီး ကျွန်တော်တို့အိမ်တွင် ခေတ္တနားသည်။
အိမ်တွင် လဘက်ရည်ပွဲဖြင့်တည်ခင်းကာ သခင်နုကို မြို့ပေါ်ရှိလူများနှင့် မိတ်ဖွဲ့ပေးသည်။ အမျိုးသား ကျောင်းအုပ်ကြီးနှင့်သခင်နုမှာ ဖော်ရွေပြုံးရယ်ကာ စကားပြောနေကြသည်။
သခင်နုသည် မီးခိုးရောင်သက္ကလပ်အပေါ်ဖုံး၊ အစိမ်းရင့်မန္တလေးလုံချည်ကို သပ်ရပ်စွာဝတ်ထားသည်။ ဆံပင်၏ အတွန့်အလိပ်များမှာ လှိုင်းထလျက် ရှိသည်။ သူ၏ မျက်နှာမှာ ကြည်လင်၍ ဖြူစင်ခြင်းလက္ခဏာသည် တောက်ပ၍နေသည်။
အထူးခြားအပေါ်လွင်ဆုံးကား တဖိတ်ဖိတ်ရွှန်းမြသောမျက်လုံးများ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ကောင်းကင်ပြာမှကြယ်ပွင့်ကဲ့သို့ ချစ်ဖွယ်ကောင်းသည်။ ပရိတ်သတ်ကို ဆွဲငင် စွဲလန်းအောင်လုပ်သော စိတ်တန်ခိုးနဂါးငွေ့များသည် ဤကြယ်ပွင့်မှ ဖိတ်ကျရစ်သန်းလျက် ရှိပေသည်။
သခင်နုသည် လဘက်ရည်စားပွဲတွင်စကားပြောနေရာမှ ဧည့်ခန်းထောင့်ရှိစန္ဒယားကို သွားမြင်၍ “သြ စန္ဒယားနဲ့ပါလား၊ ဘယ်သူတီးသလဲ” ဟု ပြုံးကာမေးသည်။ သူသည် လူ့ဘ၀၏လူမှုရေးရာမြောက်မြားစွာထဲတွင် သီချင်းဂီတကိုလည်း မမေ့ပေ။
သခင်နုသည် ကျိုက်လတ်တွင် နှစ်ရက်ခန့်နေစဉ် ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးအား သွားရောက် ကန်တော့သေးသည်။ တစ်နေ့လုံးအချိန်ယူ၍ ကုသိနာရုံ စသော ဘုရားပုထိုးများကို လှည့်လည်ဖူးမြှော်သည်။ ကျွန်တော်တို့ ကျောင်းသားတတွေကား သူ၏နောက်မှ တကောက်ကောက်လိုက်၍ နေကြသည်။
တိလောကမာရဇိန်ဘုရားအထွက်တွင် အ၀တ်အစားစုတ်စုတ်နွမ်းနွမ်းနှင့်လူတစ်ယောက်ကို သခင်နုက နှုတ်ဆက်စကားပြောသည်ကို တွေ့ရသည်။ သူသည် ပြုံးရယ်ကာ ဖော်ရွေစွာနှုတ်ဆက်ပြောဆိုသည်။ ကျွန်တော်တို့စိတ်ထဲတွင်ကား သူ၏ မေတ္တာဓာတ်ကို ချီးမွမ်း၍နေမိသည်။
သပိတ်လှန်ကာနီး ဂျူဗလီဟောလ်တွင်ကျင်းပသော ပထမနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံသို့ တက်ရောက်သောအခါ ကျောင်းသားများ၏ပါးစပ်ဖျား၌ “ကိုကြီးနု” ဟူသောအသံသည် ဒေါင့်နေရာတိုင်းတွင် ကျူးရင့် မြည်ဟီးလျက်ရှိသည်ကို ကြားရလေသည်။
(၄)
အမှန်အားဖြင့် ကျွန်တော်သည် သခင်နုနှင့် တစ်ခါမှလက်ပွန်းတတီး မနေခဲ့ရဘူးပေ။ ကျွန်တော် တက္ကသိုလ်သမဂ္ဂတွင်ရှိသောအခါ သခင်နုသည် တို့ဗမာအစည်းအရုံးတွင်ရောက်နေပေပြီ။ သို့သော် နိုင်ငံရေးရာ၊ စာပေရေးရာတို့တွင် သခင်နု၏ပုံကားချပ် တစေ့တစောင်းကလေးများကား ရံဖန်ရံခါဆိုသလိုပင် ဆုံတွေ့နေရပေသည်။
တစ်ခါက ကိုအောင်ဆန်းဥက္ကဋ္ဌ ဖြစ်သောနှစ်၊ သမဂ္ဂက ဒေါက်တာဘမော်၏ တက္ကသိုလ်ပြင်ဆင်ရေးဥပဒေကြမ်းကိုပယ်သည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားအချို့မကျေနပ်၍ အယုံအကြည်မရှိအဆို တင်သွင်းရန် စိုင်းပြင်းလျက် ရှိ၏။ သမဂ္ဂက လူထုအစည်းအဝေးကို ခေါ်ပေးရ၏။
သမဂ္ဂစည်းမျဉ်းတွင် ပါတီနိုင်ငံရေး၌မစွက်ဖက်ရဟူသောစာပိုဒ်ပါရှိရာ ထိုစာပိုဒ်ကိုကိုးကား၍ အတိုက်အခံဘက်က ဆူပူလျက်ရှိသည်။ ကျောင်းသားများမှာ အတိုက်အခံဘက်သို့ယိမ်းလျက်ရှိရာ လက်ရှိ သမဂ္ဂအမှုဆောင်များ၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်နေသည်။
သို့သော် လူထုအစည်းအဝေးပွဲတွင် သခင်နုကို စကားပြောခွင့်ပေးလေသည်။ ကိုအောင်ဆန်းတို့က သခင်နုကို တို့ဗမာအစည်းအရုံးမှ ခေါ်လာရသည်။ သခင်နု ထ စကားပြောသောအခါ ဝေါဝေါအော်နေသော ပရိသတ်သည် ငြိမ်သက်သွားလေသည်။
သခင်နု၏ သတ္ထုသံပါသောအသံသည် ခန်းမကြီးတစ်ခုလုံးတွင် တလွင်လွင် ပြည့်လျက်ရှိသည်။ သတ္ထုသံသည် တစ်ဒေါင့်မှတစ်ဒေါင့်သို့ ဝေ့ရိုက်လျက်ရှိသည်။ သူ၏ ကုလား-ဗမာအဓိကရုဏ်းအတွက် စိတ်ထိခိုက်ပုံကို စပြောသောအခါ ပရိသတ်သည်လည်း သူနှင့်အတူလိုက်၍ စိတ်ထိခိုက်နေပုံရသည်။
နောက် အဓိကရုဏ်းအတွင်း ညွန့်ပေါင်းအစိုးရတာဝန်မကျေပုံမှစပြီး လက်ရှိ သမဂ္ဂအမှုဆောင်၏ ကိုယ်ရေးကိုယ်တာကိုစွန့်ကာဆောင်ရွက်ကြပုံကို ချီးကျူးပြောသည်။ ပရိသတ်ကား သခင်နုခေါ်ရာသို့ လိုက်ပါကြလေပြီ။ နောက်ဆုံး မဲခွဲသောအခါ သမဂ္ဂ အပြတ်အသတ်အနိုင်ရလေသည်။
သည်ကတည်းက ကျွန်တော်သည် သခင်နု၏ဆွဲငင်နိုင်သော သံလိုက်ဓာတ်ကို ယုံကြည်မိသည်။
သခင်နု၏ တစေ့တစောင်းကားချပ်များထဲတွင် စကော့ဈေးနားရှိ နဂါးနီစာအုပ်တိုက်သည် နောက်ခံကားအဖြစ် ပေါ်လာတတ်ပေသည်။ လက်နှိပ်စက်ရိုက်သံ၊ သခင်စိုး၊ သခင်သန်းထွန်းတို့နှင့်အတူ သခင်နုကိုစာအုပ်များကြားထဲမှ တွေ့မြင်ရတတ်သည်။ သူတို့သည် နဂါးနီစာအုပ်အသင်းကို စတင်တည်ထောင်သူများ ဖြစ်ကြသည်။
၁၉၃၉ ခုက ကျွန်တော်သည် သခင်ထိန်ဝင်းနှင့်ကိုဗဆွေတို့၏တိုက်တွန်းချက်အရ ဖိလစ်ပိုင်မျိုးချစ် ဒေါက်တာဂျိုဆေရီဇာ ရေးသားခဲ့သော (အထိမခံ) ၀တ္ထုကြီးကို ဘာသာပြန်ခဲ့ရာ ပြီးဆုံး၍ စကော့ဈေးရှိနဂါးနီတိုက်သို့ သွားပေးသည်။ (ထိုစာမျက်နှာ ၃၀၀ ရှိ ဘာသာပြန်လက်ရေးမူမှာ ဂျပန်အတက် သခင်ဗိုလ်၏အိမ် မီးလောင်ရာတွင် ပါသွားပြီ)
နဂါးနီအခန်းတွင် သခင်နုကို တွေ့ရသည်။ ကျွန်တော်သည် စာအုပ်ဘီဒိုထဲရှိ ရောင်းသောစာအုပ်များကိုကြည့်ရှူနေရာ သခင်နုသည် အပါးတွင်လာရပ်၍ “အခု ဘာစာအုပ်တွေ ဖတ်နေသလဲ။ ဒါတွေ ဖတ်ကြည့်ပါလား” ဟု ပြောကာ ဘီဒိုထဲရှိ လက်ဝဲစာအုပ်အသင်းမှ ကွန်မြူနစ်စာပေများကို လက်ညှိုးထိုးပြသည်။ ကျွန်တော်လည်း သူညွှန်ပြသော လီနင်စာပေစဉ်မှ မာ့စ်စာပေစာအုပ် နှစ်အုပ်ကိုဝယ်ခဲ့သည်။ သည်ကစ၍ မာ့စ်ဝါဒနှင့်ပတ်သက်သော စာအုပ်များကို ပထမအကြိမ် ဖတ်ဖူးလေသည်။
(၅)
နဂါးနီစာအုပ်တိုက်မှ သခင်စိုး၏ “ဆိုရှယ်လစ်ဝါဒ”ကျမ်းသည် ဗမာပြည်တွင် ကွန်မြူနစ်ဝါဒမျိုးစေ့တစ်စေ့ ဖြစ်ပေ၏။ သခင်နုသည်လည်း ကွန်မြူနစ်ဝါဒခေတ်စားလာအောင်လုပ်သူတစ်ဦး ဖြစ်ခဲ့၏။ သူ၏ ဆောင်းပါးများကို နဂါးနီသတင်းစဉ်တွင် ဖတ်ရ၏။
သူ၏ “ခေတ်မီပြဇာတ်များ” ကိုကား အတော်ကို စွဲလမ်းခဲ့၏။ လူ့အထုပ္ပတ္တိ လူ့ဇာတ်ကိုသရုပ်ဖော်ပြသော လူ့ဘ၀ကြေးမုံများဖြစ်၏။ ပြဇာတ်ထဲရှိ ပြောသောစကားများမှာ တကယ့်လူဆန်၏။ မြေကြီးနှင့် နီးကပ်၏။
“မယားဆိုးလင်” နှင့် “လင်ဆိုးမယား” မှာ သဘာဝကျလှ၏။ မယားဆိုးလင်ထဲရှိ မိန်းမကြီး၏လေသံမှာ ဖတ်နေရင်း နားထဲတွင်စူးဝင်လာ၏။ ဖောင်သမားတစ်ဦး၏မယား လင်ငယ်နေပုံ ပြဇာတ်တစ်ခုမှာ လွမ်းစရာလည်းကောင်း၏။ သံဝေဂရဖွယ်လည်း ကောင်း၏။ “နောင်တော်ချွတ်ခန်း” ပြဇာတ်ကား ထိုအခါက သခင်နု၏ လူကျင့်တရားနှင့် နိုင်ငံရေးအမြင်ကိုဖွင့်ဟလိုက်ခြင်းဟု ထင်သည်။
လူမွဲတို့၏ထွက်ရပ်လမ်း၊ လူပေါ်လူဇော် စသော ဘာသာပြန်စာအုပ်ကြီးများလည်း ရေးခဲ့သေး၏။ လူပေါ်လူဇော်မှာ အထူးသဖြင့် ကုန်သည်များအဖို့အသုံးဝင်လှ၏။ ဂျပန်ခေတ်ကလည်း သူ၏ “ပုတုဇ္ဇနော ဥမ္မတကော” မှာ ကြွ၍ ဖျတ်လတ်၏။ “နွားသိုး ကြိုးပြတ်” ကား လိင်ပြဿနာကို မကွယ်မထောက် ပြောပြထား၏။ သူသည် လူများကို အိမ်ထောင်မှု၊ လိင်မှု စသည်တို့ကိုနားလည်စေချင်၏။
ယခုခေတ်တွင်ထွက်သော “မာ့(ခ်)ဆဇ္ဇင်း(မ်) ကိုကား နာမများ အမှတ်ရခက်သဖြင့် မဖတ်ဖြစ်ခဲ့ပေ။ “ငါးနှစ်ရာသီ ဗမာပြည်” မှာ ဖွင့်ဟ၀န်ခံချက်များ ဖြစ်ပေသည်။
သူ၏ “ရက်စက်ပါပေ့ကွယ်” ၀တ္ထုကိုကား အကြိုက်ဆုံးပင်။ ယခုခေတ် စာပေလောကတွင် ထူးခြားသောရတနာ တစ်ခုပင် ဖြစ်၏။ ပထမ အရင်းရှင်စနစ်၏စာရိတ္တများကိုဖော်ကာ ၀တ္ထုကိုဖွင့်လိုက်၏။ (သို့သော် ဖော်ပုံမှာအကြမ်းပြေး နိုင်သည်ဟု ထင်၏။) နောက် တဖြည်းဖြည်း တောင်ကိုတက်ရဘိသကဲ့သို့ မြင့်၍ မြင့်၍လာ၏။ မြင့်လာလေ မြေကြီးရှိ လှုပ်လှုပ်ရွရွသနစ်တွေကို မြင်လာ၏။ အကျဉ်းသားဘ၀ကို မီးမောင်းထိုးပြသည်မှာ ပေါ်လွင်လှ၏။ ဖတ်ရင်း ဆင်းရဲပင်ပန်းလာ၏။ ပင်ပန်းလာ၏ နောက်ဆုံးသောအခါမှ သက်ပြင်းကို ရှူထုတ်နိုင်တော့၏။ ဆုံးသည်အထိ သိမ်မွေ့လှပစွာ ခေါ်ဆောင်သွားပေ၏။
စင်စစ်အားဖြင့် ဤ၀တ္ထုသည် ရာဇ၀တ်မှုပပျောက်ရေးကိုရည်ညွှန်းထားသော ပြုပြင်ရေးဝတ္ထုဖြစ်၏။ အကျဉ်းထောင်၏ဒုက္ခကို အရိပ်ထင်ပြထား၏။
ဂျပန်ခေတ်က ကိုဗဟိန်း၏ နိုင်ငံခြားရေးအတွင်းဝန်ရုံးခန်းတွင် လက်နှိပ်စက်ဖြင့်ရိုက်ထားသော“ညချမ်းချိန်ခါဝယ်” ပြဇာတ်ကို ဖတ်ခဲ့ဖူးသည်။ သခင်နုတွင် မရိုက်ထုတ်ရသေးသော ပြဇာတ်၊ ၀တ္ထုများရှိသေးသည်ဟု သိရ၏။ ဘယ်တော့မှ ထုတ်မည်မသိ။
သခင်နုကား ပြဇာတ်၊ ဘာသာပြန်ကျမ်း၊ ၀တ္ထုများကိုရေးခဲ့ရာ စာရေးဆရာတစ်ဦးဟု ဆိုလောက်ပေသည်။
(၆)
လူအဖြစ်ကား သူသည် ကျယ်ဝန်းများပြားသော လူ့ဘ၀၏ အသွေးအသားတို့ကို ထိတွေ့ဆုံမိသူဖြစ်၏။ လူ့ဘ၀သည်ကား သွေးသားတို့၏အရာအားဖြင့်သာပြွမ်းတီးသည် ဖြစ်ကုန်၏။ သည်အထဲမှ တစ်ယောက်တလေသာထူးချွန်၍ သွေးသားထဲမှရုန်းထွက်ကာ ဟိမ၀န္တာတောသို့သွားပြီး ဘုရားဖြစ်ရန် ကျင့်၏။ တစ်ခုတည်းသော ရည်မှန်းချက်ကိုတမ်းတပြီး သဲသဲမဲမဲလုပ်သူ၊ သခင်အောင်ဆန်းသည်လည်း နိုင်ငံရေးတစ်ခုတည်းကိုသာစွဲပြီး ဒိုင်နမိုစက်လို မရပ်မနား ရှေ့သို့တိုးကာအတင်းလုပ်သူ ဖြစ်၏။
သည်နေရာ၌ သခင်အောင်ဆန်းနှင့်သခင်နုမှာ မတူဟုထင်သည်။ အောင်ဆန်းမှာ တစ်နေ့လုံး နေပူကြီးထဲတွင် တကုတ်ကုတ် နိုင်ငံရေးတိုက်ပွဲများကိုလုပ်ပြီးနောက် ညတွင် နိုင်ငံရေးနှင့်ပတ်သက်သော ထမင်းလုံးတစ္ဆေအိပ်မက်များနှင့်နပန်းလုံးခိုက် သခင်နုကား နိုင်ငံရေးမှအားလပ်သည့်အခါ နိုင်ငံရေးဖိုင်တွဲကြီးကိုခေါင်းအုံးရင်း ရေဒီယိုမှ မေရှင်၏ “မြပန်းဝတ်ကြည်” တေးသံလေးတွင် ငြိမ့်၍နေချင်ပေမည်။ ဒါမှမဟုတ် ကဗျာ တေးတစ်ပုဒ် ကာရန်တစ်ခုကို စိတ်ကူးချင်ကူးနေပေမည်။
လူ့ဘ၀တွင် အရေးကြီးဆုံး အရေး (၃) ခုကား အစာအာဟာရ၊ အ၀တ်အိုးအိမ်၊ လိင်ကိစ္စ ဖြစ်သည်ဟုဆိုသည်မှာ ဟုတ်သည်။ စင်စစ် နိုင်ငံရေးဆိုတာလဲ ဒါပဲ ဖြစ်၏။ အောင်ဆန်းလိုလူကား တစ်ခါက လိင်ကိစ္စကို နောက်ထားချင်ထားခဲ့ပေမည်။ ဒါတွေအားလုံး၏ ပြွမ်းတီးရောယှက်မှုအထွေထွေကို မပယ်နိုင်သည်ကိုတွေ့မြင်၍ ပုတုဇ္ဇနောဥမ္မတကော ဟု ကျူးရင့်ကြပေမည်။ သခင်နုသည်လည်း ပုတုဇ္ဇနောဥမ္မတကောသဘောကို တွေ့မြင်ပေသည်။ တစ်ခါက ဂျပန်ခေတ်တွင် ကုက္ကိုင်းရှိ သခင်နု၏နိုင်ငံခြားရေးဝန်ကြီးအိမ်တွင်နေသော သခင်ဗဟိန်းထံသို့သွားလည်၏။
သခင်ဗဟိန်းဇနီး မခင်ကြီး၏မှန်တင်ခုံတွင် သခင်နုငယ်စဉ်ကဓာတ်ပုံကို ယိုးဒယားပန်းတွန့်မှန်ဘောင်နှင့် အလှတင်ထားသည်ကို တွေ့ရသည်။
ရုပ်ပုံလွှာ၏ကျောတွင် “ရီနဲ့မောင်နု” ဟု လက်မှတ်ထိုးထားသည်ကို ဖတ်ရ၏။ သခင်ဗဟိန်းကား သခင်နု၏ ကလေးကိုပွေ့ချီရင်း ကျွန်တော့်အား ပြုံး၍ကြည့်ကာ “မမရီကို ပေးတဲ့ပုံပေါ့ဗျ” ဟု ပြောလေသည်။
သခင်နုဧည့်ခန်းကား စန္ဒယားသံဖြင့် ငြိမ့်နေတတ်၏။ သူ၏ ၀င်းထဲတွင် ဦးဥာဏ၊ မောင်ထင်တို့ကို ဗမာသစ် ပြဇာတ်အတွက် သက်သက်ခေါ်ထားသည်ကို တွေ့ရ၏။ အဓိပတိရုံးခန်းတွင် ဒေါက်တာဘမော်နှင့် ပြဇာတ်အကြောင်း၊ စာပေအကြောင်း နှစ်နှစ်ခြိုက်ခြိုက်ဆွေးနွေးပြောဆိုနေသည်ကို မကြာခဏ တစေ့တစောင်းတွေ့ခဲ့ရဖူး၏။
ဂီတ၊ ပြဇာတ် စသော ယဉ်ကျေးမှု၊ လူ့ဘ၀ရေးရာတို့တွင်ခံစားမှု၌ သခင်အောင်ဆန်းနှင့်မတူသော်လည်း နယ်ချဲ့စနစ်မှလွတ်မြောက်ရေးကိုကား အတူယုံကြည်ကြ၏။ ထို့ကြောင့်ပင် သခင်အောင်ဆန်း အစိုးရအဖွဲ့ထဲ ၀င်သောအခါ သခင်နုကိုခေါ်ကာ ဖဆပလ ဒုတိယဥက္ကဋ္ဌ နေရာကို ခေါ်ပေးခဲ့ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသည့်ညက သခင်နုခေါင်းဆောင်၍ အစိုးရအဖွဲ့သစ် ဖွဲ့သည်ဟုသိရသောအခါ အနည်းငယ် စိတ်သက်သာရာရမိသည်။ တစ်ပါတီကဦးစီး၍ တစ်ပါတီအစိုးရတက်လျှင် အာဏာရှင်ဆန်သွားပေမည်။ ပါတီများကမပယ်နိုင်သော ကြားနေသူတစ်ယောက်လည်း ဖြစ်သည်။ တစ်ခါကလည်း “ကွန်မြူနစ်ဝါဒ အောင်မြင်ပါစေ” ဟု ကြွေးကြော်ခဲ့သည်။
မုန်တိုင်းတိုက်သော်
လွင့်ဝိုက်လေပါ
ဝေ့လည်ချာနှင့်
မျောကာ သစ်ရွက် တစ်ရွက်တည်း။
သခင်နု၏ဘ၀ကိုရှူကြည့်ရင်း အဆုံးမသတ်သောကဗျာလေးကို ရေးစပ်မိ၏။ သစ်ရွက်တစ်ရွက်ကား မုန်တိုင်းတွေ ပြင်းထန်စွာတိုက်သည့်ကြားထဲမှာပင် လွင့်ပျောက်၍မသွားဘဲ ချာလည် ချာလည်နှင့် ဝေ့ကာမျောနေသည်။
အင်္ဂလိပ်ကိုမောင်းထုတ်သည့် ဘီအိုင်အေစစ်တပ်ချီလာစဉ် သခင်နုမှာ ထောင်ထဲတွင်ရောက်နေ၏။ ဂျပန်ခေတ်က ဖက်ဆစ်ဆန့်ကျင်ရေး မြေအောင်းလုပ်ငန်းများလုပ်နေစဉ် သခင်နုသည် ပြဇာတ်ကိုလုံးပမ်းလျက် ရှိနေသည်။ ကွန်မြူနစ်ခေါင်းဆောင်သခင်ဗဟိန်းသည် သခင်နုအိမ်မှပင် မြေလျှိုးသွားခဲ့၏။ နောက် ဂျပန်အပြေးဝယ် သူသည် အဓိပတိနှင့်အတူ မုဒုံသို့ပါသွား၏။
၁၉၃၆ သပိတ် စသော လှုပ်ရှားမှုများတွင် သူသည် ခေါင်းဆောင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ပုန်ကန်ထကြွသည့် အရေးတော်ပုံများတွင်ကား သူသည် မုန်တိုင်းထဲတွင် မျော၍နေပေသည်။
ပြန်လည်ထူထောင်ရေးခေတ်တွင် သခင်နုသည် ၀န်ကြီးချုပ်ဖြစ်နေ၏။ လူမှုရေးရာကို လျစ်လျူမရှု၊ တေးသီချင်း၊ ပြဇာတ်၊ စာပေ စသည့် ယဉ်ကျေးမှုများကို မမေ့၊ မျှမျှတတနှင့် အလယ်ကနေ၏။
သူ၏ နိုင်ငံရေးအမြင်ကား ခေတ်မီချင်မှမီပေမည်။ သူ၏ နိုင်ငံရေးလုပ်ငန်းစဉ်ကား ခေတ်ပြောင်းတော် လှန်ရေးမဟုတ်ဘဲ ပျော့ချင်ပျော့ပေမည်။ ကျွန်တော် မသိပေ။ ယခုစာသည် နု-အက်တလီစာချုပ်ကို ဝေဖန်ခြင်းမဟုတ်။ လူအဖြစ် သူ၏ဘ၀ကို တစေ့တစောင်းကြည့်ရှူခြင်းသာ ဖြစ်ပေသည်။
သူ့ဘ၀နှင့်ယှဉ်လျှင် မဆုံးသောကဗျာကိုပင် ထပ်၍ ဆိုပြချင်ပေသည်။
မုန်တိုင်းတိုက်သော်
လွင့်ဝိုက်လေပါ
ဝေ့လည်ချာနှင့်
မျောကာ သစ်ရွက် တစ်ရွက်တည်း။
ဒဂုန်တာရာ( ရုပ်ပုံလွှာ)
ကျနော့ကို သူခိုးလို့ ကြေညာပါ (ဦးနု)
သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများပေါ်ထွန်းပါစေ
မောင်ဝံသ June 9, 2013 at 11:27am
ခေါင်းဆောင်တွေရဲ့ အားသာချက် အားနည်းချက်
ခုတစ်လော ကျွန်တော် အချိန်ပေးပြီး လုပ်နေတဲ့ အလုပ်တွေထဲမှာ ဟောပြောပို့ချမှုတချို့လည်း ပါဝင်တယ်ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံရေးအကြောင်း (အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ မျက်မှောက်ကာလအထိ) ဆွေးနွေးဖလှယ်တာပါပဲဗျာ။ ကျွန်တော်က နိုင်ငံရေးအဖြစ်အပျက်များကို အချက်အလက်တွေအပေါ် သုံးသပ်တင်ပြတဲ့ချဉ်းကပ်မှုအပြင် နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်ကပြခဲ့ကြတဲ့ အဓိက ပုဂ္ဂိုလ်တွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်၊ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကိုလည်း ထုတ်နှုတ်တင်ပြဖို့ ကြိုးစားတယ်ဗျ။
ဘယ်သူက စမလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကပဲ စရတာပေါ့။ အဲဒီမှာ သတိထားမိတာက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော် ဆွေးနွေးတင်ပြတာတွေ အတော်များများကို သင်တန်းသားတွေက သိနေတာ ဖြစ်တယ်ဗျ။ ကျွန်တော့် သင်တန်းပို့ချနည်းက ဆရာတစ်ယောက်တည်းက တစ်ဖက်သတ် ပြောသွားတာမျိုးမဟုတ်ဘဲ သင်တန်းသားတွေကို များများ ပါဝင်ဆွေးနွေးခိုင်းတာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်ပြီး သူတို့ ဘယ်လောက် ဖတ်ရှုလေ့လာထားတယ် ဆိုတာ သိရတာပေါ့။
ဗိုလ်ချုပ်ကလွဲပြီး မသိတာကများ
သို့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကလွဲပြီး ကျန်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေအကြော င်း သူတို့ခမျာ မသိတာက များနေတယ်။ ဥပမာ - ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်းဆို ရင် စာပေပညာရှင်ကြီးတစ်ယောက် ဆိုတာလောက်ပဲ သိတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေတ်အဆက်ဆက် အာဏာရ အာဏာမဲ့ နိုင်ငံရေးသမားအားလုံးလိုလိုရဲ့ ဂုရုကြီးတစ်ဆူဆိုတာကို မသိသူက ပိုများနေတယ်ဗျာ။
ရန်ကုန်မှာ အနေကြာကြပေမယ့် ရွှေတိဂုံစေတီ တော်ကြီးရဲ့ တောင်ဘက်မုခ်အနီး ရွှေတိဂုံဘုရားလမ်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကြီးရှိတယ်ဆိုတာကိုတောင် အတော်များများက မသိကြဘူးဗျ။ ကျွန်တော်က ဆရာကြီးမှိုင်းရဲ့ ဂူဗိမာန်ဘေးမှာ စုဖုရားလတ် ဂူဗိမာန်၊ ဗိုလ်ချုပ်ကတော်
ဒ်ါခင်ကြည်ဂူဗိမာန်၊ ဦးသန့်ဂူဗိမာန်တို့ပါရှိနေကြော င်း တစ်ဆက်တည်း ရှင်းပြရတယ်ဗျာ။
သူတို့တွေ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်စာပေအများအပြား ဖတ်ရှုလေ့လာရင်း မလွဲမသွေ သိရှိမှတ်မိကြလိမ့်မယ်လို့ထင်ရတဲ့ ဝန်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုး၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့် စသူတွေအကြောင်းကို ပြောပြတော့လည်း အသစ်အဆန်းတွေ ဖြစ်နေကြတယ်ဗျ။ ဒေါက်တာဗမော်ဆိုရင် ဂျပန်ခေတ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကိုလေ့လာရင် တွဲပြီးသိရမယ့်ပုဂ္ဂိုလ်ဖြစ်ပေမယ့် ဝိုးတိုးဝါးတားနဲ့ မမှတ်မိသူက များနေတယ်။ ဂဠုန် ဦးစောကျတော့ ဗိုလ်ချုပ်ကို လုပ်ကြံသူအဖြစ် သိတယ်။
သို့ပေမယ့် ကိုလိုနီခေတ် နိုင်ငံရေးသမားလက်ဟောင်းတွေထဲမှာ သူဟာ ဘယ်နည်းဘယ်ပုံ
ရှေ့တန်းရောက်ခဲ့သလဲ၊ သူ့ရဲ့ တော်ကွက်၊ ရှော်ကွက်တွေက ဘာတွေလဲဆိုတာ ပြောပြတဲ့အခါ အတော်ကို အံ့သြကုန်ကြတယ်ဗျ။
ဦးနုအကြောင်း ပြောစရာတွေ
မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၁၉၆၂
ခုနှစ်မှာ အပြီးအပြတ် အာဏာအသိမ်းခံလိုက်ရတဲ့ ဦးနုအကြောင်းကို ကျွန်တော်
မကြာခဏ အလေးထားပြီး ပြောတယ်။ ၁၉၅၈ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းတို့လူစုက
အာဏာသိမ်းဖို့စီစဉ်ပေမယ့် ဦးနုက အာဏာ အသိမ်းမခံဘဲ အာဏာလွှဲပေးလိုက်တဲ့
အနေအထားမျိုးဖန်တီးပြီး ပါလီမန် ဒီမိုကရေစီ ဆက်လက်တည်တံ့အောင် တတ်နိုင်သမျှ
ကြိုးစားခဲ့ပုံကို ကျွန်တော် ရှင်းပြတယ်။
၁၉၆၁ မှာ တောင်ကြီးညီလာခံကျင်းပပြီး ရှမ်းပြည်နယ်နိုင်ငံရေးခေါင်းဆောင်တွေက ပြည်ထောင်စုစစ်စစ် ဖက်ဒရယ်မူကို တောင်းဆိုကြတဲ့အခါ ဦးနုက ရန်ကုန်ကိုဖိတ်ပြီး အကျေအလည် ဆွေးနွေးတယ်။ အသံလွှင့်ရုံကြီးမှာကို ညီလာခံ ကျင်းပပေးပြီး အခြေအတင် ဆွေးနွေးခွင့်ပေးတယ်။ ဦးနုရဲ့ သိမ်မွေ့ညင်သာတဲ့ ကိုင်တွယ်မှုကြောင့် ရှမ်းခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်သွားမယ်ဆိုတဲ့စကားကို မပြောတော့တဲ့အထိ အခြေအနေတိုးတက်လာတယ်။ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူရေးနဲ့ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကိုပဲ အလေးထားပြောကြတော့တယ်။ အဲဒီအခိုက်မှာပဲ ဗိုလ်ချုပ်နေဝင်းက ကောက်ခါငင်ကာ အာဏာသိမ်းလိုက်တာပါပဲဗျာ။
လက်ညှိုးထိုးပြတော့ အားလုံးသိကြတဲ့အတိုင်း ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲတော့မှာကို လက်မတင်လေး ကယ်တင်လိုက်ရတဲ့ပုံ။ ထိန်းသိမ်းခံဘဝကနေ ၁၉၆၆ ခုနှစ် စက်တင်ဘာလမှာ လွတ်ငြိမ်းခွင့်ရလာတဲ့ ဦးနုကို လုပ်သားပြည်သူ့နေ့စဉ် သတင်းထောက်အနေနဲ့ ကျွန်တော် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဦးနုက “ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့်အခြေအနေနဲ့ ကြုံနေရပြီလို့ ကျုပ်ကို ၂ မိနစ်ပဲ ကြိုပြောပါ။ အာဏာသိမ်းစရာ မလိုပါဘူး၊ ချက်ချင်း အာဏာလွှဲပေးလိုက်မှာပေါ့။ အဲသလိုဆိုရင် ခုလို ဒီမိုကရေစီ ပျက်စီးရတဲ့အခြေအနေ မရောက်တော့ဘူးပေါ့” လို့ ပြောခဲ့တာ ကောင်းကောင်း မှတ်မိနေတယ်ဗျာ။
ကျုပ်ကို အာဏာပြန်အပ်ပါ
နောက် ၁၉၆၈-၆၉ လောက်မှာ ဗိုလ်ချုပ်နေဝင်းက ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ ဆိုပြီး ဦးနု အပါအဝင် နိုင်ငံရေးသမားကြီး ၃၃ ဦးနဲ့ဖွဲ့စည်းပေးပြီး တိုင်းပြည်ရှေ့ခရီးအတွက် အကြံပေးခိုင်းတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း အစရှိတဲ့ ပုဂ္ဂိုလ်များက ဒီမိုကရေစီ ဆိုရှယ်လစ် နိုင်ငံရေးလမ်းစဉ်ကို တင်ပြတယ်။ အစိုးရ၊ သမဝါယမ၊ ပုဂ္ဂလိက၊ ဖက်စပ်တို့ပါဝင်တဲ့ ခြေလေးချောင်းထောက် စီးပွားရေးစနစ်ဆိုတာကို တင်ပြတယ်။ ဝိဓုရ သခင်ချစ်မောင် အစရှိတဲ့ ပမညတ အများစုပါဝင်တဲ့ အုပ်စုက ဆိုရှယ်လစ် ဒီမိုကရေစီလမ်းစဉ်ကို တင်ပြတယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်နဲ့သွားဖို့ တိုက်တွန်းတယ်။ ဦးနုတစ်ယောက်တည်းက ဘာတင်ပြသလဲဆိုတော့ သူ့ကို အာဏာပြန်အပ်ပါ။
သူ့ကို အာဏာပြန်အပ်တယ်ဆိုတာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားခြင်းကို
လေးစားတဲ့အနေနဲ့ ပြည်သူကို အာဏာပြန်အပ်တာနဲ့ အတူတူပဲ။ သူ့ကို အာဏာပြန်အပ်လိုက်ပြီးတာနဲ့ သူက ချက်ချင်းပဲ ဗိုလ်ချုပ်နေဝင်းကို အာဏာပြန်လွှဲပေးလိုက်မယ်။ အဲသလိုဆိုရင် အင်မတန်အရုပ်ဆိုးတဲ့ အာဏာသိမ်းထားတဲ့ အစိုးရဆိုတာမျိုး မဟုတ်တော့ဘူး။ အဲဒီတော့မှ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်ပါတဲ့ဗျာ။ ထိုစဉ်က ကျွန်တော် လုံးဝ ဉာဏ်မမီခဲ့ပါဘူး။ ခုခါကျမှ ဦးနုရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ကျွန်တော်နားလည် သဘောပေါက်လာပြီး လက်ဖျားခါမိတယ်ဗျ။ အဲဒီတုန်းက ၃၃ ဦး အကြံပေးအဖွဲ့လည်း နောက်ဆုံးတော့ အဖျားရှူးသွားတာပါပဲ။ ဗိုလ်ချုပ်နေဝင်းက ဘယ်သူ့အကြံဉာဏ်မှ မယူတဲ့အပြင် ဦးနုက အာဏာပြန်တောင်းတာကို ရှူးရှူးရှားရှား ဖြစ်ခဲ့သဗျာ။
နိုင်ငံရေးအကွက် ရှေ့ကပြေးနေတာချည်း
နောက် နှစ် ၂၀ အကြာ ၁၉၈၈ ကျပြန်တော့ ၉ စက်တင်ဘာ ၈၈ မှာ ဦးနုက “၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် မိမိထံမှ ဗိုလ်ချုပ်နေဝင်းက သိမ်းယူသွားသော အာဏာအရပ်ရပ်ကို ပြန်လည်ရယူလိုက်ပြီ” လို့ကြေညာပြီး စင်ပြိုင်အစိုးရ ထူထောင်ခဲ့တယ်ဗျာ။ ဦးနုက သူ့ရဲ့ စင်ပြိုင်အစိုးရကကြီးမှူးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အမြန်ဆုံး ကျင်းပပေးမည်လို့ အတိအလင်း ကြေညာပါတယ်။ ဦးနုရဲ့ နိုင်ငံရေးအကွက်တွေက သူများတွေထက် ရှေ့က ပြေးနေတာချည်းပါပဲ။ ကျွန်တော့်ရဲ့ မြန်မာ့နိုင်ငံရေး လေ့လာဆွေးနွေးချက်တွေထဲမှာ ဦးနုရဲ့ နိုင်ငံရေး လုပ်နည်းလုပ်ဟန်တွေအကြောင်းကို ပို့ချချိန် စုစုပေါင်း ၆ နာရီလောက် ရှိတတ်ပါတယ်။ တကယ်အသေးစိတ် ပြောမယ်ဆိုရင် အဲဒီနှစ်ဆလောက် အချိန်ပေးရမယ် ထင်တယ်ဗျ။
တကယ်သန့်ရှင်းတဲ့ ဦးနု ဦးနုအကြောင်းပြောရင် သန့်ရှင်း ဖဆပလ ဆိုတဲ့ နာမည်လည်း တွဲလျက်ပါတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ဦးနုရဲ့ ကိုယ်ကျင့်သိက္ခာ သန့်ရှင်းမှုနဲ့ ကိုယ်ကျိုးစီးပွားရှာမှုမှ သန့်ရှင်းမှုကိုလည်း အထူးပြု ပြောစရာရှိတယ်။
ဦးနု ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ပြောခဲ့တဲ့စကားတစ်ခွန်းကို ဖဆပလကနေ သန့်ရှင်းနဲ့ တည်မြဲ ကွဲပြီးချိန် သတင်းစာတွေက အလေးထားဖော်ပြခဲ့ကြဖူးတယ်။
“ကျွန်တော် ဝန်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ဝန်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်” ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျာ။
သူပြောခဲ့တဲ့ အတိုင်းပါပဲ။။ ဦးနုနဲ့ပတ်သက်ပြီး သူ့ရဲ့အတိုက်အခံတွေဘက်က တခြား မကျေနပ်တာတွေ ရှိရင်ရှိမယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားတဲ့ ဦးနုဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ကျွန်တော် ကြားလည်း မကြားဖူး၊ ဖတ်လည်း မဖတ်ဖူးဘူးဗျ။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ သန့်ရှင်းသော အစိုးရဖြစ်စေရပါမယ်လို့ ကတိပေးခဲ့စဉ်က ကျွန်တော် ပထမဆုံး ပြေးသတိရလိုက်မိတာ ဦးနု စိန်ခေါ်ပြီးပြောခဲ့တဲ့ စကားထဲက “ဝန်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်” ဆိုတာပါပဲဗျာ။
ကျွန်တော်တို့တိုင်းပြည်မှာ အဲသလို သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းလာစေချင်ကြောင်းပါခင်ဗျ ။ ၀၈၊ ၀၆၊ ၁၂
maungwuntha@gmail.com
ပြည်သူ့ခေတ်၊ အတွဲ ၂၊ အမှတ် ၉၈

Friday, August 30, 2013
ဆဋ္ဌသင်္ဂါယနာဓမ္မဝိနယ အမိန့်တော်ပြန်တမ်း
၁၃၁၆-ခုနှစ်၊ သာသနာ-၂၄၉၈ ခုနှစ်၊ ကဆုန်လပြည့်နေ့မှ စတင်ကျင်းပ၍ ၁၃၁၈-ခုနှစ်၊ သာသနာ-၂၅၀ဝ
ပြည့်နှစ်၊ ကဆုန်လပြည့်နေ့တွင် ပြီးဆုံးအောင်မြင်သည့် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး၌ ဆဋ္ဌသင်္ဂါယနာဩဝါဒစရိယဆရာတော်များ၊ ဝန်ဆောင် သံဃအဖွဲ့ ဆရာတော်များအမှူးရှိသော
သံဂီတိကာရ ၂၅၀ဝကျော်တို့က အနာဂတ်သာသနာ တည်မြဲရေး၊ တိုးတက်ကြီးပွားရေး၊ သန့်ရှင်းရေး၊
ဘုရားရှင်၏ အဆုံးအမနှင့်အညီ ကျင့်ကြံရေးတို့ကိုရှေ့ရှု၍ အောက်ပါဆဋ္ဌသင်္ဂါယနာ ဓမ္မဝိနယ အမိန့်တော်ပြန်တမ်းကို
ထုတ်ပြန်တော်မူလိုက်ကြသည်။
၁။ ကယဝိက္ကသိက္ခာပုဒ်တော်အရ ရောင်းဝယ်ဖောက်ကားခြင်း အမှုမှရှောင်ကြဉ်ကြရမည်၊
၂။ ဇာတရူပသိက္ခာပုဒ်တော်နှင့်အညီ ရွှေငွေစသော ရတနာတို့ကိုကိုင်တွယ်ခံယူခြင်းမှ ရှောင်ကြဉ်ရမည်၊
၃။ သစ်သီးပေးခြင်း၊ ပန်းပေးခြင်း၊ ဆေးကုခြင်းစသော ကုသယ၊အနေသန၊ မိစ္ဆာဇီဝအမှုတို့မှ ရှောင်ကြဉ်ရမည်၊
၎။ အာဇီဝဟူသောအကြောင်းကြောင့် ပညတ်တော်မူသော ခြောက်ပါးသော သိက္ခာပုဒ်တော်တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရမည်၊
၅။ ဂိရဂ္ဂသမဇ္ဇသိက္ခာပုဒ်တော်အရ ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ အငြိမ့်ပွဲ၊ ရုပ်ရှင်ပွဲ၊ ပြဇာတ်၊ ဆပ်ကပွဲ၊ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲအစရှိသော ပွဲလမ်းသဘင်တို့ကို ကြည့်ရှုခြင်းမှ ရှောင်ကြဉ်ရမည်၊
၆။ မြင်းပွဲ၊ လှေပွဲ၊ နွားပွဲစသည်များသို့ သွားလာခြင်း၊ လောင်းတမ်းကစားခြင်းများမှ ရှောင်ကြဉ်ကြရမည်၊
၇။မြို့တွင်း၊ ရွာတွင်းသို့ သွားလာသည့်အခါ သေခိယသိက္ခာပုဒ်တော်နှင့်အညီ သင်္ကန်းရုံ၍ သွားခြင်းစသည်တို့ကို ပြုကျင့်ကြရမည်၊
၈။ ရာဇဝတ်မှုမကင်းသော ပြုကျင့်မှုများမှ ရှောင်ကြဉ်ကြရမည်၊
၉။ ဝိနည်းတော်အရ လုံလောက်သောအကြောင်းမရှိပဲြုမိ့တွင်းရွာတွင်းသို့ အချိန်အခါမဲ့တို့၌ သွားလာခြင်းမှ ရှောင်ကြဉ်ကြရမည်၊
၁၀။မြို့တွင်း၊ရွာတွင်း၌ ရဟန်းတို့နှင့် မလျော်သောနေရာဌာနသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရမည်၊
၁၁။ ဆိုအပ်ခဲ့ပြီးသည်မှြွကင်းကျန်သော ဝိနည်းသိက္ခာပုဒ်တော်တို့ကိုလည်း မိမိအသက်နှင့်အတူ ရိုသေစွာ စောင့်ထိမ်းကြရမည်၊
၁၂။ ပရိယတ်၊ ပဋိပတ်လုပ်ငန်းမှတပါး ရဟန်းတို့၏ အလုပ်မဟုတ်သော ဂိဟိကမ္မများမှ ရှောင်ကြဉ်ကြရမည်။
အဆိုပါဆဋ္ဌသင်္ဂါယနာဓမ္မဝိနယပြန်တမ်းနှင့် ဆန့်ကျင်သည့် အလဇ္ဇီ ဒုဿီလ ပါပပုဂ္ဂိုလ်တို့မှာမူ သာသနာတော်၏ စူးညှောင့် အညစ်အကြေးသဖွယ် ဖြစ်သည်ဟူ၍ ဤနိုင်ငံတော်ဗုဒ္ဓသာသနာတော်အဖွဲ့က ယုံကြည်ပါသောကြောင့် အနာဂတ်သာသနာတော် တည်မြဲရေး၊ တိုးတက်ကြီးပွားရေး၊ သန့်ရှင်းစင်ကြယ်ရေးတို့ကို ရှေးရှုကာ " ဝိစေယျ ဒါနံဒါတဗ္ဗံ" ဟူသော ပါဠိတော်နှင့်အညီ အဆိုပါ ဆဋ္ဌသင်္ဂါယနာ ဓမ္မဝိနယပြန်တမ်းနှင့် ညီညွတ်စွာ လိုက်နာတော်မူသည့် ရဟန်းတော်အရှင်မြတ်တို့အား စိစစ်၍ ကိုးကွယ်ပူဇော်ကြရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးက ဗုဒ္ဓဘာသာဝင်အပေါင်းတို့အား လေးနက်စွာ တိုက်တွန်းပါကြောင်း။
အဆိုပါဆဋ္ဌသင်္ဂါယနာ ဓမ္မဝိနယပြန်တမ်း အတိုင်း မလိုက်နာသေးသည့် ပုဂ္ဂိုလ်တို့ကို နိဂ္ဂဟမြုပ ပဂ္ဂဟအမှုဖြင့် ကိုးကွယ်ပူဇော်ခဲ့လျှင် အဆိပ်ပင်ရေလောင်း ဆိုသကဲ့သို့ဖြစ်သည်ဟု ယူဆဖွယ်ရှိသောကြောင့် ထိုပုဂ္ဂိုလ်တို့အား အလျင်အမြန် အကျင့်သိက္ခာကိုြုပပြင်ထိန်းသိမ်းကြရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က လေးနက်စွာ မေတ္တာရပ်ခံပါကြောင်း။
ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းရှိ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များက ဆုံးဖြတ်ချက်ကို ထောက်ခံ၍ မိမိတိုကဆိုင်ရာ ဒေသများတွင် အထက်ပါအတိုင်း တိုက်တွန်းခြင်း မေတ္တာရပ်ခံခြင်းအမှုများကို ပြုလုပ်ကြရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က လေးနက်စွာ တိုက်တွန်းပါကြောင်း။

“သာသနာနှစ် ၂၄၉၈(အေဒီ-၁၉၅၄)ခုသို့ရောက်သော်၊
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၀န်ကြီးချုပ် ဦးနု အမှူး ပြုသော
နိုင်ငံတော်အစိုးရသည် မြန်မာ" သီဟိုဠ်(သီရိလင်္ကာ)" ထိုင်း(ယိုးဒယား) ''
လာအို(လော)" ကမ္ဘောဒီးယား" ဟူသော ထေရ၀ါဒ ငါးနိုင်ငံတို့မှာ သံဃာတော် ၂၅၀၀
တို့ကို ပင့်ဖိက်၍၊ သင်္ဂါယနာတင်ပွဲကြီး (ဆဋ္ဌအကြိမ်) ကျင်းပ ပြုလုပ်စေ၍၊
ပါဠိတော်များကိုသာမက " အဋ္ဌကထာကျမ်းများ'' ဋီကာကျမ်းများကိုပါ မူအမျိုးမျိုး ညှိနှိုင်း
တည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ပြန့်ပွားထွန်းလင်းစေရန်
စက်တင်ပုံနှိပ်ဖြန့်ချီခဲ့ပေသည်၊ ဤသင်္ဂါယနာတင်ပွဲကြီး၌ (ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏
စံချိန်အတိုင်း)မြန်မာနိုင်ငံမှ ဘဒ္ဒန္တရေ၀တမထေရ်(အဘိဓဇ မဟာရဋ္ဌဂုရု-
ဘွဲ့တံဆိပ်တော်ရ ) ကသဘာပတိအဖြစ်၎င်း၊ မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က
ပုစ္ဆက=မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ မထေရ်(ပထမဆုံး- ''
တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက-ဘွဲ့ရ) က ၀ိသဇ္ဖက=ဖြေဆိုသူ အဖြစ်၎င်း၊ သင်္ဂါယနာတင်ပွဲကြီးကို
ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်အောင်မြင်စွာ ပြီးစီးသွားခဲ့ချိန်တွင်
ထုတ်ပြန်သည့် အမိန့်ပြန်တမ်း“
Friday, August 2, 2013
အလိုရှိသည်
ဦးနုရေးသား ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များကို မျှဝေဖတ်ရှုစေလိုသည့် စေတနာရှင်များ ထံမှာ စာအုပ်ကော်ပီလေးများ အလှူခံအပ်ပါသည်။
- စာအုပ်အမည် = ဖိနှိပ်မှုတိုက်ပွဲ အဆင့်ဆင့်
- ရေးသားသူ = ဦးနု
- စာအုပ်အမျိုးအစား = နိုင်ငံရေး
- စာမျက်နှာ = ၁၁၆ မျက်နှာ
- ထုတ်ဝေသည့် ခုနှစ် = ၁၉၅၉-ခု၊ ဇူလိုင်လ
- ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
- တန်ဖိုး = ဈေးနှုန်းရေးမထားပါ
- စာပေတိုက် = ဖဆပလ(သန့်ရှင်း)အဖွဲ့ချုပ်မှ ထုတ်ဝေသည်။
ဦးနုရေးသားသော ရှားပါးစာအုပ် ဖြစ်ပါသည်။ ဒီမိုကရေစီကို မြတ်နိုးသူတိုင်း
လွတ်လပ်ရေးကို စုံမက် သူတိုင်း လူ့အခွင့်အရေးကို တန်ဘိုးထားသူတိုင်း အတွက်
ရေးသားထားသည်။ ထိုစာအုပ်၏
ထူးခြားချက်ကတော့ စထွက်ချင်း အုပ်ရေ တစ်သောင်းကို တစ်လအတွင်း ကုန်သွား၍
နောက်လမှာ ငါးထောင်ထပ်ရိုက်ရပါသည်။
ဘုရား တရား သံဃာနှင့် ဗုဒ္ဓသာသနာအရေးတော်ပုံ
၁၉၅၇ ခုနှစ် ဒီဇင်ဘာလက ကလကတ္တားယူနီဗာစီတီ၏ ဖိတ်ကြားချက်အရ ဦးနုသည် ၄င်းတက္ကသိုလ်၌ ဘုရား, တရား, သံဃာနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ဗုဒ္ဓသာသနာတော်၏ အခြေအနေဆိုသည့် မိန့်ခွန်းလေးရပ်ကို သွားရောက်ဟောပြောပေးခဲ့ရာ ထိုဟောပြောချက်ကို စာအုပ်အဖြစ် မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ပါရမီဆယ်ပါး၊ ဗုဒ္ဓ၀င်၊ ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် သံဃာတော်များ၏ ကျေးဇူးဖြင့် ကမ္ဘာအနှံ့သို့ ဗုဒ္ဓသာသနာပြန့်ပွားခဲ့ပုံနှင့် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာဝင်အကျဉ်းကို အချက်အလက် အထောက်အထား စုံလင်စွာဖြင့် ဟောပြောပေးထားသည်ကို တွေ့ရသည်။
အသားထဲက လောက်ထွက်
ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏတရားတော်
ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏတရားတော်နှင့် ပတ်သက်၍ ၀န်ကြီးချုပ်ဟောင်း ဦးနု ဟောကြားခဲ့သည့် ဟောပြောချက်မိန့်ခွန်း ၂ခုကို စုစည်း၍ စာအုပ်အဖြစ် မှတ်တမ်းတင်ထုတ်ဝေထားခြင်း ဖြစ်သည်။ ဦးနု၏ ဟောပြောချက်မတိုင်မီတွင် သက်ဆိုင်ရာ သုတ်များ၏ ပါဠိကို ဦးစွာဖော်ပြပေးထားသည်။ ဦးနု၏ ဟောပြောရှင်းလင်းချက်များသည် ဓမ္မစကြာသုတ်နှင့် အနတ္တလက္ခဏသုတ်များ၏ အဓိပ္ပာယ်ကို သာမန်စကားပြောပုံစံဖြင့် ဟောပြောထားခြင်း ဖြစ်သည့်အတွက် ပါဠိမတတ်ကျွမ်းသည့် သာမန်ပုဂ္ဂိုလ်များပင် အဆိုပါသုတ်များ၏ အဓိပ္ပာယ်နှင့် လေးနက်ပုံကို အလွယ်တကူပင် နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။ ဒေသနာတရားတည်ဟူသော စက်ဘီးကို စပြီး လည်စေသော သုတ်၊ တစ်နည်းအားဖြင့် တရားစကြာကို လည်စေသော သုတ်ဖြစ်သည့် ဓမ္မစကြာသုတ်၊ တစ်လောက ရှိရှိသမျှ ရုပ်တွေ, နာမ်တွေဟာ ငါ့ဥစ္စာမဟုတ်၊ ငါကောင် သတ္တ၀ါကောင် မဟုတ်၊ အလိုသို့မလိုက်၊ သူ့သဘောအတိုင်း ဖြစ်, ပျက်နေသည့် သဘောတရား သက်သက်မျှသာ ဖြစ်သည်ဆိုသည့် အချက်ကို ဟောတော်မူထားသည့် အနတ္တလက္ခဏသုတ်ကို ဤဟောပြောချက်များမှတစ်ဆင့် အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။
- စာအုပ်အမည် = ပြည်တော်သာ ပြည်ထောင်စုပန်းတိုင်
- ရေးသားသူ = ဦးနု
- စာအုပ်အမျိုးအစား = နိုင်ငံရေး
- စာမျက်နှာ = မျက်နှာ၃၄၄
- ထုတ်ဝေသည့် ခုနှစ် = ၂၀၁၃ခု၊ ဇူလိုင်လ
- ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
- တန်ဖိုး =
- စာပေတိုက် =
- Description: နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လမှ ၁၉၅၂ ခုနှစ်၊ သြဂုတ်လအထိ အသံလွှင့်ဌာနများမှလည်းကောင်း၊ လူထုတရားပွဲများ၌လည်းကောင်း၊ အသင်းအဖွဲ့ တရားပွဲများ၌လည်းကောင်း၊ မိန့်ကြားခဲ့သော မိန့်ခွန်း ၁၂ ခုကို ဆရာဇော်ဂျီက ရွေးချယ်ပေးထားခြင်း ဖြစ်သည်။ ထိုသို့ ဆရာဇော်ဂျီရွေးချယ်ရာတွင် “ပြည်ထောင်စုပန်းတိုင်”ဟူ၍ အမည်နှင့် လိုက်အောင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ မည်သို့ဖြစ်ပေါ်လာ၍ ခြောက်နှစ်တာကာလအတွင်း မည်သို့ ဖြစ်ပျက်ခဲ့ပုံများကိုလည်းကောင်း၊ ပြည်ထောင်စုဟူ၍ ဖြစ်ပေါ်လာပြီးနောက် နိုင်ငံတော်၌ မည်သို့ရည်ရွယ်ချက်မျိုး ထားရှိပုံကိုလည်းကောင်း၊ ရည်ရွယ်ချက်အောင်မြင်အောင်လည်း မည်သို့အားထုတ်နေပုံသဘောကိုလည်းကောင်း၊ ဦးနု၏ မြန်မာစကားပြေ ရေးသားပုံ, ပရိသတ်နားရှင်း၍ စိတ်ညွတ်လာအောင် ဆိုတတ်မိန့်တတ်ပုံကို နည်းယူနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်ချက်များဖြင့် ရွေးချယ်ထားခြင်း ဖြစ်သည်။
ဘုရား တရား သံဃာနှင့် ဗုဒ္ဓသာသနာအရေးတော်ပုံ
၁၉၅၇ ခုနှစ် ဒီဇင်ဘာလက ကလကတ္တားယူနီဗာစီတီ၏ ဖိတ်ကြားချက်အရ ဦးနုသည် ၄င်းတက္ကသိုလ်၌ ဘုရား, တရား, သံဃာနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ဗုဒ္ဓသာသနာတော်၏ အခြေအနေဆိုသည့် မိန့်ခွန်းလေးရပ်ကို သွားရောက်ဟောပြောပေးခဲ့ရာ ထိုဟောပြောချက်ကို စာအုပ်အဖြစ် မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ပါရမီဆယ်ပါး၊ ဗုဒ္ဓ၀င်၊ ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် သံဃာတော်များ၏ ကျေးဇူးဖြင့် ကမ္ဘာအနှံ့သို့ ဗုဒ္ဓသာသနာပြန့်ပွားခဲ့ပုံနှင့် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာဝင်အကျဉ်းကို အချက်အလက် အထောက်အထား စုံလင်စွာဖြင့် ဟောပြောပေးထားသည်ကို တွေ့ရသည်။
အသားထဲက လောက်ထွက်
|
|
ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏတရားတော်နှင့် ပတ်သက်၍ ၀န်ကြီးချုပ်ဟောင်း ဦးနု ဟောကြားခဲ့သည့် ဟောပြောချက်မိန့်ခွန်း ၂ခုကို စုစည်း၍ စာအုပ်အဖြစ် မှတ်တမ်းတင်ထုတ်ဝေထားခြင်း ဖြစ်သည်။ ဦးနု၏ ဟောပြောချက်မတိုင်မီတွင် သက်ဆိုင်ရာ သုတ်များ၏ ပါဠိကို ဦးစွာဖော်ပြပေးထားသည်။ ဦးနု၏ ဟောပြောရှင်းလင်းချက်များသည် ဓမ္မစကြာသုတ်နှင့် အနတ္တလက္ခဏသုတ်များ၏ အဓိပ္ပာယ်ကို သာမန်စကားပြောပုံစံဖြင့် ဟောပြောထားခြင်း ဖြစ်သည့်အတွက် ပါဠိမတတ်ကျွမ်းသည့် သာမန်ပုဂ္ဂိုလ်များပင် အဆိုပါသုတ်များ၏ အဓိပ္ပာယ်နှင့် လေးနက်ပုံကို အလွယ်တကူပင် နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။ ဒေသနာတရားတည်ဟူသော စက်ဘီးကို စပြီး လည်စေသော သုတ်၊ တစ်နည်းအားဖြင့် တရားစကြာကို လည်စေသော သုတ်ဖြစ်သည့် ဓမ္မစကြာသုတ်၊ တစ်လောက ရှိရှိသမျှ ရုပ်တွေ, နာမ်တွေဟာ ငါ့ဥစ္စာမဟုတ်၊ ငါကောင် သတ္တ၀ါကောင် မဟုတ်၊ အလိုသို့မလိုက်၊ သူ့သဘောအတိုင်း ဖြစ်, ပျက်နေသည့် သဘောတရား သက်သက်မျှသာ ဖြစ်သည်ဆိုသည့် အချက်ကို ဟောတော်မူထားသည့် အနတ္တလက္ခဏသုတ်ကို ဤဟောပြောချက်များမှတစ်ဆင့် အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးနု ဟောကြားခဲ့သည့် ဘာသာရေးမိန့်ခွန်း ၅ ခုဖြစ်သည့် ဗုဒ္ဓအကြောင်း မိန့်ခွန်း၊ ဓမ္မအကြောင်းမိန့်ခွန်း၊ သံဃအကြောင်းမိန့်ခွန်း၊ ဗုဒ္ဓဘာသာ သမိုင်းအကြောင်းမိန့်ခွန်း၊ ငါးပါးသီလအကြောင်းမိန့်ခွန်းများကို စုစည်းကာ စာအုပ်အဖြစ် မှတ်တမ်းတင် ထုတ်ဝေထားခြင်း ဖြစ်သည်။ ငါးပါးသီလအကြောင်းမိန့်ခွန်းသည် ရန်ကုန်မြို့ရှိ ဆဋ္ဌသင်္ဂီတီ မဟာပါသာဏလိုဏ်ဂူတွင် မိန့်မြွတ်ခဲ့သော မိန့်ခွန်းဖြစ်ပြီး ကျန် ၄ ခုမှာ အိန္ဒိယနိုင်ငံ၊ ကလကတ္တားတက္ကသိုလ်၌ မိန့်မြွတ်ခဲ့သော မိန့်ခွန်းများ ဖြစ်ကြသည်။ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို မွှေနှောက်ချောက်ချားစေ၍ ရဟန်းပညာရှိ လူပညာရှိမျိုးစုံနှင့် တိုင်ပင်ညှိနှိုင်း ရေးသားထားသည့် မိန့်ခွန်းများဖြစ်ခြင်းကြောင့် မိန့်ခွန်းတိုင်းသည် ဗုဒ္ဓဘာသာဝင်တို့ သိသင့်သိထိုက်သော အချက်များနှင့် ပြည့်နှက်နေသည်ကို တွ့ရှိရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်သော ရတနာသုံးပါးအကြောင်း၊ ဗုဒ္ဓတရားအဆီအနှစ်များ၊ သီလအကြောင်း သိကောင်းစရာ၊ ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓ၀င်၊ သံဃာပေါ်ထွန်းလာပုံနှင့် သံဃာတို့၏ အရေးပါပုံ၊ သင်္ဂါသနာသမိုင်းကြောင်း၊ ဘုရား, တရား, သံဃာဂုဏ်တော်များအကြောင်းကို အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်အောင် ဟောပြောထားနိုင်သည်ကို တွေ့ရှိရသည်။ အကုသိုလ် ပျက်အစဉ် ပြင်ခဏ ၀န်ကြီးချုပ်ဟောင်း ဦးနု၏ ငယ်မူလက်ရာ ၀တ္ထုရှည်နှစ်ပုဒ်ဖြစ်သည့် အကုသိုလ်၊ ပျက်အစဉ် ပြင်ခဏတို့ကို ပေါင်းစည်း၍ ထုတ်ဝေထားခြင်းဖြစ်သည်။ |
Monday, July 29, 2013
စာမူများဖိတ်ခေါ်ခြင်း
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ
တက္ကသိုလ်အသီးသီးတွင် ကျောင်းတက်နေသော မြန်မာသံဃာတော်များအနက်မှ ”၀ပ်တလုံး“ ကျောင်း၌
သီတင်းသုံးကာ ကျောင်းတက်နေသော မြန်မာပြည်မှစာသင်သား ကိုယ်တော်များက “သာကီအလင်းမဂ္ဂဇင်း“
ကို ၁၃၇၅-ခုနှစ်၊၀ါခေါင်လဆန်း (၁၁) စနေနေ့၊17-8-2013နေ့တွင် အမှတ်စဉ်(၁) အတွဲ(၁)ကို
ထုတ်ဝေမည်ဖြစ်ပါကြောင်း
နေရာဒေသ အသီးသီးတွင် နေထိုင်ကြသော
စာပေပညာရှင်များ စာပေ၀ါသနာအိုးများကို ဦးဇင်းတို့၏ အမျိုးဘာသာ သာသနာအတွက် တတ်စွမ်းနိုင်သမျှ
ပါဝင်ဆောင်ရွက်သော အနေဖြင့် စာမူများ ရေးသား ပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါကြောင်း
အကြောင်းကြားလါပါသည်။
ဦးဇင်းတို့၏ ထုတ်ဝေရခြင်း၏
ရည်ရွယ်ချက်များဖြစ်သော
၁။မြန်မာနိုင်ငံသားများအနေဖြင့်
ဘာသာရေး၊ပညာရေး၊ကျန်းမာရေး၊အသိပညာများ တိုးတက်ရေး၊
၂။နိုင်ငံနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို
ထိန်းသိမ်းနိုင်ရေး
ရည်ရွယ်ချက်များကို ဦးတည်ကာ
ရေးသားပေးကြပါရန်နှင့် ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုများကို ရှောင်းရှာကာ ဓမ္မဓိဋ္ဌာန်ကျကျ
ရေးသားပေးကြပါရန် ကိုလည်း မေတ္တာရပ်ခံထားပါသည်။
သာကီအလင်းမဂ္ဂဇင်းကို လစဉ်
တစ်လတစ်ကြိမ်ထုတ်ဝေမည်ဖြစ်သည့်အတွက် စာမူများကို လစဉ်ပေးပို့ပေးကြပါရန်နှင့် အမှတ်(၁)
အတွဲ(၂)မှစပြီး စာမူခများကို ထိုက်သင့်သလို ချီးမြှင့်ရန် အစီအစဉ်ရှိကြောင်းလည်း သိရပါသည်။
စာမူးများ မဂ္ဂဇင်းနှင့်ပါတ်သက်သည့်အကြံညဏ်ပေးစာများကို
tharkialinn@gmail.com, သို့တိုက်ရိုက် ပေးပို့နိုင်ပါသည်။
kabarmakyay@gmail.com, မှတဆင့်ပေးပို့၍လည်းရပါသည်။
kabarmakyay@gmail.com, မှတဆင့်ပေးပို့၍လည်းရပါသည်။
အမျိုး ဘာသာ သာသနာအကျိုး
သည်ပိုးနိုင်ကြပါစေ။
Thursday, June 6, 2013
တ.က.သ၊ဗ.က.သ ဥက္ကဌ ဦးရာရှစ် အတ္ထုပ္ပတ္တိ (၁၉၁၂ – ၁၉၇၈) ခုနှစ်

အဖိုးဖြစ်သူ မစ္စတာ အဗ္ဗဒူဂဖူးရ်သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး အန္ဒိယနိုင်ငံ၊ အေလာဟာဘတ်မြို့မှ ရောက်ရှိလာခဲ့သည်။ ၁၈၉၅ ခုနှစ်ခန့်တွင် သားဖြစ်သူ မစ္စတာ အမ်အေရှကူးရ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။ (၁၈၉၈-၉၉) ခုနှစ်ခန့်တွင် အဟ်မဒ်ဘေဂမ်ဆိုသူနှင့် အိန္ဒိယတွင် အိမ်ထောင်ပြုခဲ့သည်။ မိဘများသည် ဗြိတိသျှအင်ပါယာအတွင်းတွင် ထိုစဉ်က အိန္ဒိယရော မြန်မာပါဝင် နေသောကြောင့်၊ အိန္ဒိယနှင့် မြန်မာ ကုန်ကူးသွားလာ နေထိုင်ခဲ့သည်။ သားကြီး အမ်အေရအူးရ်ဖ်ကို မြန်မာ ပြည်သို့ပြန်ရောက်စဉ် ၁၉၀၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရာရှစ်ကို ၁၉၁၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အေလာဟာဘတ်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် မောင်ရာရှစ်ကလေးသည် ရန်ကုန် မြို့သို့ အသက် (၂)နှစ်အရွယ်တွင် ရောက်ရှိခဲ့သည်။ သူ၏ဖခင်သည် ဒါဟိုဇီလမ်း (ယခု မဟာဗန္ဓုလ လမ်း) တွင် ဆိုင်ဖွင့်ခဲ့သည်။ မြန်မာပြည်သို့ ဓါတ်စက် ပထမဦးဆုံး တင်သွင်းရောင်းချခဲ့သူဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲသော ကော်မတီတွင် ကိုရာရှစ် ပါဝင်ပြီး၊ သမဂ္ဂဖွဲ့စည်းပုံကို အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်သမဂ္ဂများ၏ ဖွဲ့စည်းပုံကို အခြေခံ၍ ရေးဆွဲခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖြစ် ကိုကျော်ခင်၊ ဒုဥက္ကဌအဖြစ် ကိုဖိုးကူးနှင့် အတွင်းရေးမှူးအဖြစ် ကိုရာရှစ်တို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ် ကျောင်းသား သမဂ္ဂတွင် ကိုနု ဥက္ကဌ၊ ကိုရာရှစ် ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဇွန်လတွင် ရွေးချယ်ခဲ့သော ကျောင်းသားသမဂ္ဂတွင် ဥက္ကဌအဖြစ် ကိုရာရှစ်၊ အတွင်းရေးမှူး ကိုအောင်ဆန်း တို့ကို ရွေးချယ်ခဲ့သည်။ တဆက်တည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းမှာလည်း ဥက္ကဌ အဖြစ် ကိုရာရှစ်ကို တင်မြောက်ခဲ့သည်။ တက္ကသိုလ်ကောင်စီတွင်လည်း ပထမဆုံးသော ကျောင်းသား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ညီလာခံတွင် ကိုရာရှစ်ကို ဥက္ကဌ အဖြစ်လည်းကောင်း၊ ကိုဘရှင် (နောင်ဗိုလ်မှူးဗရှင်)ကို အတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ရှေ့နေ အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ (၁၉၅၂-၅၄) ခုနှစ်များတွင် ပြည်သူ့အိုးအိမ် ပြန်လည်ထူးထောင်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၄-၅၆) ခုနှစ်များတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၆-၅၈) ခုနှစ်များတွင် သတ္တုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၏ ပထမဦးဆုံး အဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စီမံကိန်း ၀န်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ဦးရာရှစ်နှင့် ဗိုလ်ချုပ်အောင်ဆန်း
၁၉၆၀ ခုနှစ်မှစ၍ ၁၉၇၄ ခုနှစ်အထိ ဗမာမွတ်စလင်မ်အဖွဲ့ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ခုနှစ်များတွင် ဦးနုသည် ဦးအာရှစ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အဖြစ် စေလွှတ်ရန် ဆန္ဒရှိခဲ့သော်လည်း ဦးရာရှစ်က ငြင်းပယ်ခဲ့သည်။ ဦးသန့်ကို ရွေးချယ် စေလွှတ်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကျင်းပသည့် အိုင်အယ်လ်အို ညီလာခံကြီးတွင် သဘာပတိအဖြစ် ရွေးချယ်တင်မြောက် ခံခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ၀န်ကြီးချုပ်ဦးနု၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ (၆)နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် ဒုတိယအကြိမ် (၁၈)လကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၈ ခုနှစ်တွင် ကမ္ဘာ့မွတ်စလင်မ် အဖွဲ့ချုပ်၏ မွတ်စလင်မ် လူနည်းစု ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဧပြီလ (၂၁)ရက် သောကြာနေ့တွင် ဆီးကြိတ်ကင်ဆာရောဂါဖြင့် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကွယ်လွန်ခဲ့သည်။ အုတ်ဂူတွင် ‘Raschid of Burma’ ဟု ဖေါ်ပြထားပါသည်။
ဦးနုနှင့် ဦးရာရှစ်ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) တင်ပြသည်။
ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)
၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID) ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်
အိမ်ယာဆောက်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီးဟောင်း၊
ယခု ကုန်သွယ်မှု တိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊
အသက် -၄၃-နှစ်
ပညာအရည်အချင်း
၁။ ရန်ကုန်တက္ကသိုမှ ဘီ၊အက်၊စီ၊(သိပ္ပံတန်း)
၂။ ဘီ၊အယ်လ်၊ ၀တ်လုံစာမေးပွဲကိုလည်းအောင်မြင်ခဲ့သည်။
လက်ရှိတာဝန်များ၊
၃။ အလုပ်သမား အစည်းအရုံးအများအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏ဒုတိယ ဥက္ကဌ။
၎။ ထွက်ကုန်ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးကော်တီဥက္ကဌ။
၅။ ဗမာပြည် ကမ္ဘာ့ရေးရာအသင်း ဥက္ကဌ။
၆။ တက္ကသိုလ်ကောင်စီတွင် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်။
၇။ လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ။
၈။ ဆိပ်ကမ်းအလုပ်သမား ဘုတ်အဖွဲ့ဥက္ကဌ။
၉။ ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး။
တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ
ကျောင်းသားခေတ်
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။
၁၀။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကို စတင်တည်ထောင်ရန် ဦးဆောင်သော ပုဂိ္ဂိုလ်တစ်ဦးဖြစ်သည့်ပြင်၊ သမဂ္ဂစည်းမျဉ်းဥပဒေရေးဆွဲရာ၌ အမှုဆောင်လူကြီး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၁။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦးကို ကျောင်းသားများလက်သို့ ရောက်ရှိရေးအတွက် အထူးတလည် ဆောင်ရွက်ပေးခဲ့သည်။
၁၂။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံးအထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၃။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ၀န်ကြီးချုပ်ဦးနု ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့စဉ်က ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ် ချုပ်အောင်ဆန်း၊ ၀န်ကြီး ဦးကျော်ငြိမ်းတို့လည်း အမှုဆောင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြပါသည်။
၁၄။ ၁၉၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ်ဆောင် ရွက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းမှာ သမဂ္ဂ၏ ဒုတိယ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
၁၅။ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပရေးနှင့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ရေးအတွက် စတင်ဦးဆောင်ခဲ့ပါသည်။ ထိုပထမ ညီလာခံကြီးတွင် ၀န်ကြီးချုပ် ဦးနု က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အမ်၊ အေ၊ ရာရှစ် က ဧည့်ခံကော်မတီဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။
၁၆။ ထိုညီလာခံကြီးက ရွေးကောက်တင်မြှောက်သဖြင့် ပထမဆုံး ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။`
နိုင်ငံရေးခေတ်
၁၇။ ကျောင်းထွက်ပြီးနောက် ၀တ်လုံအဖြစ်လုပ်ကိုင်ဆောင်ရွက်လျက် တိုင်းပြည်တာဝန် ကို တစ်ဖက်တစ်လမ်းဆောင်ရွက်ခဲ့သည်။
၁၈။ လက်ရှိတိုင်းပြည်ခေါင်းဆောင်များနှင့် ရှေးနှစ်ပေါင်းများစွာကပင် ခင်မင်ရငှ်းနှီးသော မိတ်ဆွေမျာုးဖြစ်ခဲ့သည့်ပြင် မျိုးချစ်စိတ်ဓါတ်ရှိသူတစ်ဦးဖြစ်ပါသည်။
၁၉။ အလုပ်သမားရေးရာဘက်တွင် အထူးစိတ်ဝင်စားခဲ့သည့်အလျောက် ၊သံလျှင် ဘီ- အို-စီ ရေနံချက်စက်ရုံအလုပ်သမားများ သမဂ္ဂနှင့်ဆက်သွယ်မှုရရှိခဲ့ပြီး၊ ၄င်းသမဂ္ဂ ၏စေတနာ့ဝန်ထမ်း ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀။ ဈေးဆိုင်အလုပ်သမားများ၊ သက်သာချောင်ချိရေးအသင်း ဥက္ကဌ အဖြစ်ဆောင်ရွက် ခဲ့စဉ်၊ ဈေးဆိုင်အလုပ်သမားများနှင့်တကွ၊ အလုပ်တိုက်ကြီးများမှ အလုပ်သမားများ အတွက် အလုပ်ချိန်ကန့်သတ်ခြင်း၊ အပါတ်စဉ် ရက်အားပေးခြင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။
၂၁။ ၁၉၄၇ ခုနှစ်တွင် အလုပ်သမားရေးရာ ဥပဒေ ရေးဆွဲရေးကော်မတီ၏ ဥက္ကဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အစိုးရထံသို့ အစီရင်ခံစာ (၁၂ ) စောင်တင်သွင်းခဲ့သည်။ နိုင်ငံတွင်းရှိ အလုပ်သမားဥပဒေအားလုံးကို ပြင်ဆင်ရေး ဆွဲပြီးခဲ့သည့်အပြင် ဥပဒေသစ်များကိုလည်း ရေးဆွဲခြင်းပြုခဲ့သည်။
၂၂။ ၁၉၄၇ ခုနှစ်တွင် ၀ါဏိဇ်္ဇပဋိပက္ခခုံရုံး၏ အဖွဲ့ဝင် လူကြီးအဖြစ်လည်းကောင်း၊
၂၃။ ၁၉၄၈ ခုနှစ်တွင် ၄င်းခုံရုံး၏ဥက္ကဌအဖြစ် ၀န်ကြီးရာထူးလက်ခံသည့်နေ့တိုင်း ဆောင် ရွက်ခဲ့သည်။ အရေးပါအရာရောက်သော စီရင်ချက်ပေါင်းများစွာပေးခဲ့၍အလုပ် သမားများအတွက် အခွင့်အရေးများ များစွာရရှိခဲ့သည်။
၂၄။ ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ခဲ့ရာ၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ် မှန်မှန်လုပ်ရပြီး၊ သတ်မှတ်ထားသော လစာနှုန်းထားရရှိသည့်ပြင် ဆေးဝါးကုသခြင်း အိုနာစာရံပုံငွေရရှိခြင်းစသည့် အခွင့်အရေးများရရှိလျက်ရှိသည်။ ထိုစီမံကိန်းသည် အာရှတိုက်အရှေ့တောင်ဒေသတွင် အကောင်းဆုံးစီမံကိန်းတစ်ရပ်ဖြစ်သည်ဟု ချီး မွမ်းခြင်းခံရသည်။
၂၅။ လူမှုဖူလုံရေးလုပ်ငန်းကို စတင်ဦီးစီးဆောင်ရွက်ခဲ့သည်။ (၄)နှစ်နီးပါး ပဏာမ လုပ်ငန်းမျးဆောင်ရွက်ပြီး၊ ရန်ကုန်မြို့တွင် ၁၉၄၆ ခုနှစ်၊ ဇန်္န၀ါရီလ ၁ ရက်နေ့မှ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ အခြားဒေသများသို့ ချဲ့ထွင်ရန်စီစဉ်လျက်ရှိသည်။
၂၆။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရေးဆွဲခြင်းနှင့်ပတ်သက် ၍ကော်မတီအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။
၂၇။ ရေနံမြေ စုံစမ်းရေးကော်မရှင်၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး စုံစမ်း ရေးကော်မရှင်အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ အစိုးရစာပုံနှိပ်တိုက် စုံစမ်းရေး ကော်မရှင်ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၂၈။ ၁၉၄၇ ခုနှစ် ဒေလီမြို့ အာရှညီလာခံသို့လည်းကောင်း၊ ၁၉၅၅ ခု၊ ဘန်ဒေါင်းကွန် ဖရင်းသို့လည်းကောင်း၊ ဗမာပြည်ကိုယ်စားလည်အဖြစ် တက်ရောက်ခဲ့သည်။
၂၉။ ၁၉၄၈-ခု၊ ၁၉၅၀-ခု၊ ၁၉၅၁-ခု နှင့်၁၉၅၄-ခုနှစ်များတွင် အပြည်ပြည်ဆိုင် ရာအလုပ် သမား အဖွဲ့ချုပ်ကြီး၏ ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှင့် ၁၉၅၄-ခု နှစ်တွင် ဗမာပြည်ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး၏ရေနံကော်မ တီသို့ ဗမာကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သည်။ ထိုအဖွဲ့ ချုပ်ကြီးတွင် လူသိများပြီး လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။
၃၀။ ရန်ကုန်တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပထမဆုံး ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ၄င်းနောက် အဆက်ပြတ်ဆိုသလို ကောင်စီလူကြီးဖြစ် ခဲ့သည်။
၃၁။ ၁၉၅၁ ခုနှစ်၊က လူမျိုးစုလွှတ်တော်သို့ ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ်
၃၂။ လူမှန်သမျှ အဓိကအလိုရှိအပ်သည့် ၀တ် စား နေ တည်းဟူသောအရေးသုံးပါး အနက် စစ်ဘေး၊ စစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင်အလူးအလဲ ခံလိုက်ရသော ဗမာလူ ထု၏အိုးအိမ်မဲ့ပြဿနာကိုဖြေရှင်းရန် အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ် ပထမ ဦးစွာဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးဘုတ်အဖွဲ့ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ ဗမာတပြည်လုံးတွင် အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးအဖြစ်
၃၃။ ၁၉၅၄ ခုနှစ်ကုန်လောက်ကစ၍ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးရာထူးကို လက်ခံ ဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်က ဗမာပြည်သည် ဆန်ကိစ်္စနှင့်ပတ်သက်၍ အထူး အရေးကြီးနေသောအချိန်ဖြစ်နေသည့်အတိုင်း ထိုပြဿနာများကို ၄င်း၏လုပ်ရည် ကိုင်ရည်အစွမ်းဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။
၃၄။ ဆန်ဟောင်းများ အားလုံးလိုလိုပင် ယခုအခါရောင်းချပြီးဖြစ်သည့်ပြင် ဖေါက်သည် နိုင်ငံသစ်များကိုပါ ရရှိအောင် ဆောင်ရွက်လျက် “ဆန်”ပြဿနာကို အတော်ပြေ လည်စွာ ဖြေရှင်းနိုင်ခဲ့ပါသည်။
၃၅။ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကြီးပြန်လည်ဖွဲ့စည်းရေး တိုးတက်ကောင်းမွန် ရေးအတွက် အထူးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
၃၆။ ၄င်း၏စီမံဆောင်ရွက်ချက်အရ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ လက်ကျန်စပါးစာရင်းးကို မနှစ်က ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ရာဇ၀င် တွင် ပထမအကြိမ်အဖြစ် စစ်ဆေးခြင်းကို ပြုနိုင်ခဲ့ပါသည်။
၃၇။ ပြီးခဲ့သောစပါးပေါ်ချိန်မှစ၍ နိုင်ငံတော်ကောက်ပဲသီးနှံအဖွဲ့က ၀ယ်ယူပြီးသောစပါး ဘိုးငွေများကို တောင်သူလယ်သမားများအား သုံးရက်အတွင်းပြေလည်အောင်ချေ ရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။
၃၈။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာနကို ပြန်လည်ပြုပြင်ခဲ့သည့်ပြင်၊ သွင်းကုန်လိုင် စင်ထုတ်ပေးရေးစနစ်နှင့်ပတ်သက်၍ အထူးပြုပြင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ သွင်း ကုန်လိုင်စင်များကို စနစ်သစ်ဖြင့် အချိန်မှန်ထုတ်ပေးလျက်ရှိနေပါသည်။
၃၉။ သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင် မြန်မာတိုင်းရင်းသားကုန်သည်များ ရာခိုင်နှုန်း (၉၀)အထိ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။
၄၀။ ရုရှားပြည်၊ တရုပ်ပြည်၊နှင့် အရှေ့ဥရောပနိုင်ငံများနှင့်ကုန်သွယ်လုပ်ငန်းတိုးတက် ရေးအတွက် အထူးတလည်ကြိုးပမ်းဆောက်ရွက်လျက်ရှိသည့်အတိုင်း ယခုအခါ ထိုနိုင်ငံများက ဗမာဆန်များကိုဝယ်ယူလျက်ရှိပါသည်။ ၄င်း၏ကြိုပမ်းမှုဖြင့် ဗမာ ပြည်ကဆန်များကို ဂျပန်ကျွန်း၊ မလေးကျွန်းနှင့်အင်ဒိုနီရှားနိုင်ငံတို့ကို ငွေလက် ငင်းစနစ်ဖြင့် ရောင်းချနေသည်မှာ အခုအခါ အတော်တိုးတက်လျက်ရှိပါသည်။
၄၁။ ဗမာနိုင်ငံတော်အတွက် အထူးမစ်ရှင်အဖွဲ့အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
(က) ၁၉၅၂ ခုနှစ်က ၀ါရှင်တန်မြို့သို့ တီ-စီ-အေ ကိစ်္စနှင့် မစ်ရှင်အဖွဲ့ကိုခေါင်း ဆောင်ကာ၊ ကိစ်္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
(ခ) ၁၉၅၄ ခုနှစ်က အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏တရုပ်ပြည် သွားမစ်ရှင်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပါသည်။
(ဂ) ၁၉၅၄ ခုနှစ်က အိနိ္ဒယပြည်သို့ဆန်တန်ချိန်(၉)သိန်းရောင်းချရေးနှင့်ပတ်သက် ၍အစီစဉ်များသွားရောက်လုပ်ကိုင်ပေးခဲ့ပါသည်။
(ဃ) ၁၉၅၅ ခုနှစ်က အိနိ္ဒယပြည်မှ ငွေကုဋေ(၂၀)ချေးယူရန်ကိစ်္စကို အောင်မြင်စွာ သွားရောက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။(သို့သော်၊ ဆန်အရောင်းအ၀ယ် ကောင်းလာသဖြင့် ထိုချေးငွေကို ယခုတိုင် မယူသေးပါ။)
(င) ၁၉၅၅ ခုနှစ်၊က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ယိုးဒယား နိုင်ငံသွား ချစ်ကြည်ရေးမိတ်ဆက်မစ်ရှင်တွင် ပါဝင်ဆောက်ရွက်ခဲ့ပါသည်။
(စ) ကမ္ဘာ့အရပ်ရပ်သို့ ခရီးလှည့်လည်ခဲ့ပြီး ဗမာပြည်နှင့်သင့်လျော်သည့် ကိစ်္စရပ် များကိုလေ့လာပြီး၊ လုပ်ငန်းရပ်များကို ဆောက်ရွက်လျက်ရှိပါသည်။
၄၂။ အထူးသဖြင့် ရန်ုကုန်အလယ်ပိုင်းလူမျိုးစုလွှတ်တော်အမတ်လောင်း လက်ရှိကုန်သွယ် မှုတိုးတက်ရေးဌာနနှင့်အလုပ်သမားဝန်ကြီး အမ်-အေ-ရာရှစ်သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြခံဥပဒေအရ၊ ဗမာတိုင်းရင်းသားအဖြစ် ခံယူထားပြီးဖြစ်သဖြင့် ဗမာပြည်တွင် အသက်ထက်ဆုံးနေထိုင်လျက် ဗမာလူထုနှင့် ဆိုးတူကောင်းဘက်ဆောင်ရွက်လုပ် ကိုင်နေထိုင်သွားမည့် ပုဂ်္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။
အမှုဆောင်အဖွဲ့။ ဖ၊ဆ၊ပ၊လ ရွေးကောက်ပွဲ အနိုင်ရရှိရေးကော်မီတီ ရန်ုကုန်အလယ်ပိုင်း(လူမျိုးစု)မဲဆန်္ဒနယ်။ အမှတ်(၃၃)အီဗင်ဆင်လမ်း၊ ရန်ကုန်မြို့။
Subscribe to:
Posts (Atom)