U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Tuesday, October 13, 2015

မြန်မာ့လွတ်လပ်ရေးနေ့


မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့တို့၏ လက်အောက်ခံ ကိုလိုနီ ဘ၀မှ ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်. . . မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်သော နိုင်ငံအဖြစ် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်မှစ၍ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်. . . သို့သော ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အင်္ဂလိပ်၏ နယ်ချဲ့စစ်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး နောက် ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရသည်။

သူ့ကျွန်အဖြစ် မခံလိုသူ တိုင်းရင်းသားများသည် ရရာလက်နက် ၊ လူသူစုစည်း၍ နေရာအနှံ့မှာ ထကြွပုန်ကုန် ကြသည်. . သို့သော် မအောင်မြင်ခဲ့ပေ. . . ၁၉၀၀ ပြည့်နှစ် လွန်မြောက်ပြီးသည့်နောက် ၀ိုင်အမ်ဘီအေ။ ဂျီစီဘီအေ အသင်းများ တည်ထောင်ကာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် စည်းရုံးလှုပ်ရှားခဲ့ကြသည်. . . ၁၉၂၀ပြည့်နှစ်တွင် ပထမတက္ကသိုလ် ကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ တို့ ဆင့်ကဲ ပေါ်ပေါက်ခဲ့သည်. . ထို့နောက် တို့ဗမာအစည်းအရုံး တည်ထောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင် ဆောင်ရွက်ကြသည်. . .

ယင်းနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းပြီး ဂျပန်၏ အကူအညီနှင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ပါသည်. . . ဂျပန်နှင့်ပူးပေါင်း၍ ဗြိတိသျှ တို့ကို တိုက်ခိုက်ခဲ့သည်. . သို့သော် ကျားကြောက်လို့ ရှင်ကြီးကိုး ၊ရှင်ကြီးကျားထက်ဆိုး ဆိုသကဲ့သို့ ဖက်ဆစ်ဂျပန်သည် နယ်ချဲ့အင်္ဂလိပ်ထက် ရက်စက် ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့သည်. .

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ သုံးနှစ်တာ ဖက်ဆစ်တို့ နှိပ်စက်ညှဉ်းပန်းသည့် ဒဏ်ကို မြန်မာတို့ခံခဲ့ရသည်. . . ၁၉၄၅ခုနှစ် ၊မတ်လတွင် ပြည်သူတစ်ရပ်လုံး ပါဝင့်သည့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်. . . ဖက်ဆစ်တို့ မြန်မာ့မြေပေါ် မှ မရှုမလှ ဆုတ်ခွာသွားကြရသည်. . ထိုအခါ ဗြိတိသျှ မဟာမိတ်တပ်များ ရောက်လာပြီး ဆက်လက် အုပ်ချုပ်ရန်ရည်ရွယ်ခဲ့သည်. . . သို့သော် မြန်မာပြည်သူလူထုသည် လုံးဝ လွတ်လပ်ရေးကိုသာ လိုချင်ကြသည်. . ကျွန်ဘ၀တွင် ဆက်လက် မနေလိုကြတော့ချေ။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအင်အား ကြီးမားမှု၊ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုတို့ကြောင့် လွတ်လပ်ရေး ပန်းတိုင်သည်. . နီးသည်ထက် နီးကပ်လာခဲ့သည်. . . တစ်နှစ်အတွင်း လွတ်လပ်ရေး ရတော့မည်ဟု သိရှိထားချိန် ၁၉၄၇ ခုနှစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်. . မြန်မာပြည်သူတို့အတွက် အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှု ကြီးဖြစ်ခဲ့ရသည်. .

သို့သော တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံး ညီညွတ်မှု အားမာန် ဖြင့် ဆက်လက်ကြိုးပမ်းခဲ့ရာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာပြည် လွတ်လပ်ရေး ရခဲ့သည်. . လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ စတေးခဲ့ရသည်. . . အမျိုးသား ခေါင်းဆောင်များ၏ အသက်ကို ပေးခဲ့ရသည်. . လွတ်လပ် ရေးအတွက် မြုပ်နှံခဲ့ရသော အရင်းအနှီးကား ကြီးမားလှပေသည်. .

လွတ်လပ်ရေးဆိုသည်မျာ လေနှင့်လည်းတူသည် ရေနှင့်လည်းတူသည်၊ ကျန်းမာခြင်းနှင့်လည်း တူသည် လေကို အလွယ်တကူ ရှုရှိုက်နေရစဉ်၌ လေ၏တန်ဖိုးကို မသိနိုင် ထိုနည်းတူပင် ရေ၏တန်ဖိုး၊ ကျန်းမာခြင်း၏ တန်ဖိုးတို့ကိုလည်း အဆင်သင့်ရနေချိန်နှင့် သွားလာ လုပ်ကိုင်နေရချိန်၌ အရေးမထားမိတတ်ကြချေ။

လွတ်လပ်ရေးသည်လည်း ထို့အတူပင်ဖြစ်သည် . . . လွတ်လပ်နေချိန်၌ လွတ်လပ်ခြင်း၏ တန်ဖိုးကို မသိနိုင် လွတ်လပ်ရေး ဆုံးရှုံးချိန်ကျမှသာလွတ်လပ်ခြင်း၏ အရသာနှင့် တန်ဖိုးကို ကောင်းစွာ သိရှိနိုင်သည်. . .

မြန်မာတို့ လက်ဝယ်ရရှိပြီးသော လွတ်လပ်ရေးကို ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းထားဖို့ လိုသည်. . လွတ်လပ်သော လူမျိုးတစ်မျိုး၏ တာဝန်မှာ လွတ်လပ်ရေးနှင့် ထိုက်တန် အောင် နေတတ်ရသည်. . စည်းနှင့် ကမ်းနှင့် နေတတ်ရသည်. . လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးလာမည့် ပြည်တွင်းပြည်ပ အဖျက်ရန်မှန်သမျှကိုလည်း အမြဲ တစေ သတိထား၍ ရှင်းလင်းသုတ်သင်နေရသည်. . . သို့မှာသာ လွတ်လပ်ရေး အဓွန့်ရှည်၍ ပြည်သူတို့၏ဘ၀ သာယာဝပြောမည် ဖြစ်ပေသည်. .

ဒေါ်နုကြည်( မဟာဝိဇ္ဖာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

No comments:

Post a Comment